The network connection is lost.

Banner Image

တိုက်စစ်ပုံစံကောင်းနဲ့အတူ ကျန်အစိတ်အပိုင်းများကိုလည်း ပြင်ဆင်သွားဖို့ ရည်ရွယ်ထားတဲ့ အန်ဆယ်လော့တီ

ဒီနေ့မနက်ပိုင်း၊ ဆဲလ်ဘတ်ကို ၅-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ပုံစံကောင်းပြသခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့တိုက်စစ်ပိုင်းအတွက် အန်ဆယ်လော့တီ ကျေနပ်အားရခဲ့ပေမယ့် ခံစစ်ပိုင်းပြဿနာတွေ ပြုပြင်သွားနိုင်ဖို့ကိစ္စဟာ စိုးရိမ်စရာအခြေအနေဖြစ်လာပြီလို့ ဝန်ခံခဲ့ပါတယ်။

အခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ပွဲထွက်တိုက်စစ်မှူးတွေဖြစ်တဲ့ ဗင်နီးစီးယက်စ်(၂ ဂိုး)၊ ရိုဒရီဂို(၂ ဂိုး)နဲ့ အမ်ဘာပေတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး အကြိုရှုံးထွက်အဆင့်ပွဲစဉ်ယှဉ်ပြိုင်နိုင်ရေး သေချာသွားခဲ့ပါတယ်။ဒါပေမယ့် သူတို့တွေက ပွဲစဉ်နှောင်းပိုင်းမှာ ပြိုင်ဘက်ရဲ့ချေပဂိုးတစ်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီး အခုရာသီ၊ ချန်ပီယံလိဂ် Clean Sheet ရရှိဖို့ ထပ်မံစောင့်ဆိုင်းသွားရပါလိမ့်မယ်။

Movistar Plus နဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ ကျွန်တော်တို့ရဲ့ရည်မှန်းချက် ပြည့်မြောက်ခဲ့ပါပြီ။ ကောင်းမွန်တဲ့ပွဲစဉ်တစ်ခုဖြစ်လာဖို့နဲ့ အနိုင်ရရှိသွားဖို့ ဖြစ်ပါတယ်။ အစပိုင်းမှာ အနည်းငယ်လိုအပ်ချက်ရှိပေမယ့် ကျွန်တော်တို့တွေ အံဝင်ခွင်ကျဖြစ်လာပြီး အတော်လေးကောင်းမွန်အောင် ကစားနိုင်ခဲ့ပါတယ်။

သေချာတာပေါ့၊ တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို သံသယမရှိပါဘူး။ ကျန်တဲ့အပိုင်းတွေကိုတော့ အံဝင်ခွင်ကျဖြစ်လာအောင် ကြိုးစားနေပါတယ်။ တိုက်စစ်ပိုင်းရဲ့ခရီးရောက်မှုက အံ့မခန်းစရာပါပဲ။ နောက်တန်းမှာရှိနေတဲ့ အခြားပြဿနာတွေကိုတော့ ကျွန်တော်တို့ ပြင်ဆင်သွားရပါမယ်။

တခါတလေတော့ ကျွန်တော်တို့တွေ အကောင်းဆုံးလုပ်နိုင်ပေမယ့် တခါတလေတော့ သိပ်မကောင်းလှပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ကောင်းမွန်တဲ့ပြေးလမ်းပေါ်မှာ ရှိနေပါတယ်။ ချေပဂိုးပြန်ပေးလိုက်ရလို့ ကျွန်တော် ဒေါသမထွက်မိပါဘူး။ ဒီနေ့ပွဲစဉ်အတွင်း ခံစစ်ပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။

ရူဒီဂါရဲ့ဒီနေ့ကစားပုံ အရမ်းကောင်းသလို အလာဘာလည်း ပြန်လာပါပြီ။ အဆန်စီယိုလည်း ကောင်းပါတယ်။ ဒါက ကျွန်တော်တို့မှာရှိနေတဲ့ စုပေါင်းပြဿနာတစ်ခုပါ။ အခုဘောလုံးရာသီရဲ့အဓိကအချက်လည်း ဖြစ်ပါတယ်။ကျွန်တော်တို့သာ စုပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် အောင်မြင်မှုတွေ ရယူနိုင်ပါလိမ့်မယ်။ တိုက်စစ်ပိုင်းမှာရှိနေတဲ့ အသင်းရဲ့အရည်အသွေးကို အပြည့်အဝအသုံးချနိုင်ရပါမယ်”လို့ ပြောပါတယ်။

အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်ရဲ့အခုရာသီ၊ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ငါးပွဲအနက် သုံးပွဲရှုံးနိမ့်မှုအပေါ် ဝမ်းနည်းကြေကွဲခဲ့ပြီး အခုလိုရလဒ်ပိုင်းတွေကြောင့် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်မယ့် အခွင့်အရေးအတွက် ခက်ခဲတဲ့စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။

လတ်တလောမှာ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့်-၁၂ နေရာမှာ ရှိနေပြီး ထိပ်ဆုံးရှစ်သင်းစာရင်းဝင်နိုင်ဖို့အတွက် ကျန်ပွဲစဉ်ရလဒ်တွေအပေါ်မူတည်ကာ အုပ်စုအပိတ်ပွဲစဉ်ပြိုင်ဘက် ဘရက်စ်ကို မဖြစ်မနေအနိုင်ကစားသွားရပါလိမ့်မယ်။

အန်ဆယ်လော့တီက “ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှမသိပါဘူး။ ရှင်းရှင်းလေးပါပဲ၊ ကျွန်တော်တို့တွေ အုပ်စုအပိတ်ပွဲစဉ်ကို အနိုင်ကစားသွားရပါမယ်။ ဒါကလည်း ဒီကလပ်အသင်းအတွက် အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်မှာကစားမယ်ဆိုရင် ပွဲစဉ်တိုင်းကို အနိုင်ယူသွားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။