The network connection is lost.

Banner Image

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကအတိုင်းဆို ဖောရက်စ်ကို ရှုံးနိမ့်သွားနိုင်တယ်လို့ ဝန်ခံလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ‌စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၂-၂ နဲ့သရေကျပြီးနောက် ပွဲအပြီးမှာ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ပုံစံအတိုင်းဆို ဖောရက်စ်ကို ရှုံးနိမ့်သွားမှာသေချာကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့သွင်းဂိုးနဲ့ ဖောရက်စ်ကိုစတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ၂ ဂိုးအထိဆက်တိုက်ပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ဖို့နီးစပ်ခဲ့ပါတယ်။သို့သော်လည်း ဖောရက်စ်ဟာ ယူနိုက်တက်ဘက်ကို ဦးဆောင်ဂိုးခွင့်ပြု လိုက်ရပေမယ့် ဒုတိယပိုင်းအစမှာ မော်ဂန်ဂစ်ဝှိုက်နဲ့ ဆာဗိုနာတို့က ‌ချေပဂိုးနဲ့ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့လို့ အနိုင်ရလဒ်နဲ့နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း ယူနိုက်တက်အတွက်ချေပဂိုးကို အာမက်က ဗော်လီကန်ချက်နဲ့ လှလှပပသွင်းယူသွားခဲ့လို့ ဖောရက်စ်တို့အိမ်ကွင်းနိုင်ပွဲနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပြီးခဲ့တဲ့ရာသီကခြေစွမ်းအတိုင်း ဒီပွဲမှာကစားခဲ့ရင် ဖောရက်စ်ကို ရှုံးသွားနိုင်သလားလို့ မေးမြန်းခဲ့ရာ အာမိုရင်က "ရှုံးသွားမယ်လို့ထင်ပါတယ်။ ဂိုးတွေအများကြီးပေးရပြီး ဂိုးပြတ်ရှုံးမှာပါ။ ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့အမြင်ပါ။ ဒုတိယပိုင်းအစမှာ ကျွန်တော်တို့အထနှေးနေပြီး ပွဲကိုထိန်းချုပ်နိုင်ဖို့ အာရုံမစိုက်ခဲ့လို့ ၂ ဂိုးအထိ ပြန်ပေးခဲ့ရပါတယ်"

"ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် အရင်ပွဲတွေထက်စာရင် စွမ်းဆောင်ရည်ကျဆင်းသွားတယ်လို့ ခံစားမိပါတယ်။ ဒါကို ပရိသတ်တွေလည်း ခံစားမိမှာပါ။ အရင်တုန်းကဆို စွမ်းဆောင်ရည်မကောင်းခဲ့တဲ့ ၅ မိနစ်အတွင်း ၂ ဂိုးအထိပေးလိုက်ရတယ်ဆိုရင် ပြန်လာနိုင်ဖို့ မလွယ်ပါဘူး"

"ဒီပွဲမှာ ၂ ဂိုးဆက်တိုက်ခွင့်ပြု လိုက်ရပေမယ့်  အသင်းက ရှုံးမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ခံစားမိနေပါတယ်။ ဒါက အသင်းကြီးတစ်သင်းမှာ တစ်ခါတလေရှိသင့်တဲ့ခံစားချက်မျိုးပါ" လို့ပြောကြားခဲ့ပါတယ်။ ဖောရက်စ်ကိုသရေကျခဲ့တာကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နိုင်ပွဲဆက်နေမှုရပ်တန့်သွားခဲ့ပြီဖြစ်ပေမယ့် နောက်ပွဲတွေမှာတော့အနိုင်ရလဒ်ကို ပြန်လည်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။