
ပြိုင်ဘက်တွေကို ဂိုးပေါက်ခြိမ်းခြောက်မှုပိုမိုပြုလုပ်နိုင်ဖို့ လိုအပ်နေကြောင်း ဝန်ခံပြောကြားလာတဲ့ အာမိုရင်
ယနေ့နံနက်ကဖူလ်ဟမ်ကို ၀-၁ နဲ့ခက်ခက်ခဲခဲအနိုင်ရခဲ့ပြီးနောက် ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းအနေနဲ့ အခုထက်ပိုပြီး ပြိုင်ဘက်တွေကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပိုမိုပြုလုပ်နိုင်ဖို့ လိုအပ်နေသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယခုဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဂိုးပေါက်တည့်တဲ့ကန်သွင်းချက် ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါကန်သွင်းချက်နဲ့ပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဂိုးပေါက်ကန်သွင်းမှုပြုလုပ်ဖို့အတွက် အတော်လေးရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် ၄၂ မိနစ်အရောက်မှသာ ဂိုးပေါက်ကန်သွင်းချက် စတင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ အသင်းအနေနဲ့ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အခုထက်ပိုပြီးတိုးတက်ဖို့လိုအပ်နေကြောင်းကို အာမိုရင်က “ကျွန်တော်တို့ တိုက်စစ်ပိုင်းတိုးတက်လာဖို့ လိုအပ်နေပါတယ်။ ပထမပိုင်းမှာ ဂိုးပေါက်ကန်သွင်းချက်ပြုလုပ်ဖို့ ရုန်းကန်ခဲ့ရသလို၊ ဒုတိယပိုင်းမှာလည်း ရှေ့တန်းမှာ နေရာလွတ်တွေရရှိဖို့ ခက်ခဲခဲ့ပါတယ်။ အခွင့်အရေးတွေဖန်တီးနိုင်ဖို့လိုအပ်နေပါတယ်။အချက်အလက်တွေအရ အားနည်းချက်တွေရှိခဲ့ပေမယ့် အနိုင်ရခဲ့လို့ တိုးတက်ဖို့အကူအညီရခဲ့ပါတယ်”
“အဝေးကွင်းမှာ ဒီလိုအနိုင်ရတဲ့ခံစားချက်မျိုးရရှိဖို့က အရမ်းအရေးကြီးပြီး ပရိသတ်တွေရဲ့အားပေးမှုကလည်း အရေးပါခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေမရခဲ့လို့ ပွဲကောင်းတစ်ပွဲတော့မဟုတ်ခဲ့ပါဘူး။ ပွဲကို ထိန်းချုပ်ကစားနိုင်ဖို့လည် ကြိုးစားရပါဦးမယ်။ ဒါပေမယ့် လောလောဆယ်မှာ နိုင်ပွဲရဖို့က အရေးကြီးဆုံးဖြစ်လို့ အနိုင်ရလဒ်ကိုပဲ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်က ပိတ်သိမ်းတော့မှာဖြစ်လို့ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေအနေနဲ့ ကစားသမားသစ်တွေ အမိအရခေါ်ယူနိုင်ဖို့ ကြိုးစားနေကြပေမယ့် ယူနိုက်တက်ကတော့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အာမိုရင်က “ကျွန်တော်တို့အနေနဲ့ ဒီလိဂ်မှာရှိနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်ပါတယ်။ အသင်းက အတိတ်မှာ ကစားသမားခေါ်ယူမှုပိုင်း အမှားအယွင်းတွေရှိခဲ့ပါတယ်။ အခုချိန်မှာတော့ အဲဒီလိုအမှားတွေမလုပ်မိဖို့ ဂရုစိုက်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဖူလ်ဟမ်ဟာ ဂိုးပေါက်ကန်သွင်းချက် ၉ ကြိမ်အထိပြုလုပ်ကာ၄ ကြိမ်အထိဂိုးပေါက်တည့်ခဲ့ပြီး ဂိုးမရခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဂိုးပေါက်ကန်သွင်းချက် ၃ ကြိမ်မှာ ၁ ကြိမ်ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက “ကျွန်တော်တို့ ဒီရလဒ်ထက်ပိုပြီးတော့ ထိုက်တန်တယ်လို့ထင်ပါတယ်။ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ပွဲမဟုတ်ခဲ့ပါဘူး။ ဘောလုံးမှာ ကံကောင်းဖို့လည်း နည်းနည်းလိုအပ်ပါတယ်။အခွင့်အရေးတွေကို ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ဖန်တီးနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီနေ့မှာ ပြိုင်ဘက်လည်း အခွင့်အရေးတွေအများကြီးမဖန်တီးနိုင်ခဲ့လို့ ကျွန်တော်တို့အတွက် အခက်အခဲသိပ်မရှိခဲ့ပါဘူး” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။