The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဆုဖလားကို ဘယ်အသင်းတွေဆွတ်ခူးသွားနိုင်မလဲ ခန့်မှန်းပြောကြားလာတဲ့ ဂွါဒီယိုလာ

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် ၆-၃ နဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဒီရာသီ ချန်ပီယံလိဂ်ဆုဖလားကို ဘယ်အသင်းတွေဆွတ်ခူးသွားနိုင်မလဲ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ 

ဒီရာသီမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ယနေ့နံနက်က ဘာနေဗျူးမှာ ၃-၁ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အရေးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးဟာ အိမ်ကွင်းမှာ ၂-၃ နဲ့အရေးနိမ့်ခဲ့တဲ့ ပထမအကျော့ကရလဒ်ကို ပြန်လည်ချေဖျက်ဖို့ ဘာနေဗျူးသို့ထွက်ခွာလာခဲ့ပေမယ့် ခီလီယန်အမ်ဘာပေရဲ့ဟက်ထရစ်ကြောင့် ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ရီးရဲလ်မက်ဒရစ်အနေနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေမှာတုန်းက ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပြီး ပလေးအော့ဖ်အဆင့်သို့ရောက်လာခဲ့ပေမယ့် မန်စီးတီးကိုတော့ ၂ ကျော့စလုံးအနိုင်ယူကာ ချန်ပီယံခြေစွမ်းကို ပြသထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာ‌တော့ ဂွါဒီယိုလာက ဒီရာသီချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးဖို့ ဖြစ်နိုင်ချေအရှိဆုံးအသင်းမှာ ရီးရဲလ်မက်ဒရစ်ဖြစ်တယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် စပိန်သားဟာ ရီးရဲလ်မက်ဒရစ်ကို ယှဉ်ပြိုင်ပြီး ဆုဖလားကို ဆွတ်ခူးနိုင်တဲ့ အခြားအသင်း ၃ သင်းလည်းရှိနေတယ်လို့ဆိုပါတယ်။

ဂွါဒီယိုလာက "ဒီရာသီချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ဖူးဖို့အဖြစ်နိုင်ဆုံးက ရီးရဲလ်မက်ဒရစ်ပါပဲ။ ဒါပေမယ့် ဖြစ်နိုင်ချေရှိတဲ့ အခြားအသင်းတွေလည်းရှိပါသေးတယ်။ လီဗာပူးကအရမ်းကောင်းတဲ့ ရာသီတစ်ခုကိုပုံဖော်နေပါတယ်။ ပြီးတော့ ဘာစီလိုနာကလည်း မယုံနိုင်စရာအရမ်းကောင်းနေပါတယ်။ ပီအက်စ်ဂျီကလည်း ဒီဆုဖလားကို စိန်ခေါ်မယ့်လမ်းကြောင်းပေါ်ရောက်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

သူ့အသင်း ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရခြင်းနဲ့ပတ်သက်ပြီးတော့လည်း ဂွါဒီယိုလာက "ပိုကောင်းတဲ့အသင်းက နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာပါပဲ။ ရီးရဲလ်မက်ဒရစ်က ဒါနဲ့ထိုက်တန်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ အရမ်းမကောင်းခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီတွေမှာ ကျွန်တော်တို့အသင်းက ရီးရဲလ်မက်ဒရစ်ထက်ပိုကောင်းခဲ့ပေမယ့် အခုချိန်မှာတော့ အဲဒီလိုမခံစားရပါဘူး"

"ကျွန်တော်တို့အနေနဲ့ ကျန်ရှိတဲ့အခွင့်အရေးတွေကိုတော့အသုံးချသွားဖို့လိုအပ်ပါတယ်။ အက်ဖ်အေဖလားကိုဆွတ်ခူးနိုင်ဖို့နဲ့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ပါ။ ပြီးရင်တော့ ဒီပြိုင်ပွဲကို နောက်ရာသီမှာ ဒီထက်ပိုကောင်းတဲ့အခြေအနေမျိုးနဲ့ ပြန်လည်ယှဉ်ပြိုင်သွားပါမယ်။ ဒါကသာမန်ပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ အခု အသင်းထဲမှာ ခေတ်တစ်ခေတ်ကိုထူထောင်နိုင်ခဲ့တဲ့ ကစားသမားတွေလည်းရှိနေတုန်းပါ။ ဒီကစားသမားတွေ ဘာတွေလုပ်ပြထားနိုင်ခဲ့သလဲဆိုတာ ကျွန်တော်တို့ မေ့ထားလို့မရပါဘူး။ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ ၇ နှစ်အတွင်း ဆုဖလား ၆ ကြိမ်အထိဆွတ်ခူးထားခဲ့ပါတယ်။ ပြီးတော့ ဥရောပမှာလည်း ကျွန်တော်တို့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေအထိ တက်ရောက်ထားနိုင်ခဲ့ပြီ။ ဒါတွေက သမိုင်းမှာကျန်ရစ်ခဲ့မယ့် အချက်အလက်တွေပါပဲ" လို့ပြောကြားခဲ့ပါတယ်။