
ဘောလွန်းဒီအော်ဆုဆွတ်ခူးလိုကြောင်း ဖွင့်ဟပြောကြားလာတဲ့ ယာမယ်လ်
ဘာစီလိုနာအသင်းရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်က ဘောလုံးကစားသမားတိုင်းဟာ ဘောလုံးလောကရဲ့ အဖိုးတန်ဆုံးဖြစ်တဲ့ ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးလိုကြတာကြောင့် သူ့အနေနဲ့လည်း အဆိုပါဆုကို ဆွတ်ခူးရရှိလိုကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၅၅ ပွဲကစားပြီး ၁၈ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂၅ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့တဲ့ ယာမယ်လ်ဟာ ယခုနှစ်ဘောလုံးဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ထားပြီး ဆုရရှိနိုင်တယ်လို့ ရေးပန်းစားနေပါတယ်။ ဒါ့အပြင် ယခုရာသီ ၂၀၂၅-၂၆ ရာသီမှာလည်း ယာမယ်လ်ဟာ ဘာစီလိုနာအတွက် ဆက်လက်ခြေစွမ်းပြနေပြီး လာလီဂါ ၃ ပွဲကစားပြီးချိန်မှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။
ယာမယ်လ်ဟာ ဘာစီလိုနာအတွက်သာမက စပိန်လက်ရွေးစင်အသင်းအတွက်လည်း အလွန်အရေးပါတဲ့ကစားသမားအဖြစ်ရပ်တည်ထားပြီး ၂၀၂၄ ယူရိုဆုဖလားကို ဆွတ်ခူးရရှိထားသူဖြစ်ပါတယ်။ ဘောလွန်းဒီအော်ဆုပေးပွဲအခမ်းအနားကို ယခုစက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်လို့ စပိန်လက်ရွေးစင်အနေနဲ့ အဆိုပါအခမ်းအနားမှာ ဘောလွန်းဒီအော်ဆုကြီးကို ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ယခုအခါမှာတော့ ယာမယ်လ်က "အသင်းလိုက်ပြိုင်ပွဲတွေမှာဆိုရင်တော့ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်မယ်ဆိုရင် အရမ်းပျော်စရာကောင်းမှာပါ။ တစ်ဦးချင်းဆုတံဆိပ်အနေနဲ့တော့ ကစားသမားတိုင်းအတွက် ဘောလွန်းဒီအော်ဆုက တန်ဖိုးအရှိဆုံးဖြစ်ပါတယ်။ တကယ်လို့ ဒီဆုကို မလိုချင်ဘူးလို့ပြောတဲ့ကစားသမားက လိမ်နေတာပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့လည်း ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ စပိန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ဘူလ်ဂေးရီးယားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယာမယ်လ်တစ်ယောက် အဆိုပါပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ပါဝင်ကစားသွားဖွယ်ရှိပါတယ်။