The network connection is lost.

Banner Image

ဂါလာတာစာရေးသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ မိုရာတာ

အေစီမီလန်တိုက်စစ်မှူး အယ်လ်ဗာရိုမိုရာတာဟာ တူရကီကလပ် ဂါလာတာစာရေးသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း တနင်္ဂနွေနေ့ညက ကြေညာခဲ့ပါတယ်။ ဂါလာတာစာရေးက “အယ်လ်ဗာရိုမိုရာတာကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ တနင်္ဂနွေနေ့မှာ သဘောတူညီမှုရရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ စာချုပ်ရဲ့သဘောတူညီချက်အရ ကစားသမားကို အပြီးသတ်ဝယ်ယူဖို့လည်း ရွေးချယ်ခွင့်ရှိပါတယ်။ အသင်းအနေနဲ့ ယာယီပြောင်းရွှေ့ကြေးအဖြစ် ယူရို ၆ သန်းပေးချေသွားမှာဖြစ်ပြီး မိုရာတာကိုတော့ ရာသီကုန်မှာ ယူရို ၃ သန်းပေးချေသွားမှာဖြစ်ပါတယ်” လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

တူရကီကလပ်သို့ ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီး မိုရာတာက “ဂါလာတာစာရေးရဲ့ ဂျာစီကိုဝတ်ထားချိန်ကနေစပြီး ဒီအသင်းအတွက် အကောင်းဆုံးပေးဆပ်သွားပါမယ်။ အရမ်းကောင်းတဲ့ဂျာစီပါပဲ။ ကျွန်တော့်အနေနဲ့ ဒီအသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမယ်လို့ ကတိပေးပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

စပိန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အက်သလက်တီကိုမှ အေစီမီလန်သို့ရောက်ရှိလာခဲ့ပြီး အိုလီဗာဂျရူးရဲ့နေရာမှာ အစားထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ယခုရာသီ အေစီမီလန်အတွက် စုစုပေါင်း ၂၄ ပွဲအထိကစားထားတဲ့ မိုရာတာဟာ အသင်းအတွက် ၆ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အေစီမီလန်ကလည်း ဖေယင်နုတိုက်စစ်မှူး ဆန်တီယာဂိုဂျင်မီနက်ဇ်ကို ယူရို ၃၂ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်။ မက္ကဆီကိုတိုက်စစ်မှူးဟာ အီတလီသို့ စနေနေ့ညမှာ ရောက်ရှိပြီး အပြောင်းအရွှေ့ကို အပြီးသတ်ခဲ့တာဖြစ်ပါတယ်။ 

အေစီမီလန်ရဲ့ အကြီးတန်းအကြံပေးအရာရှိ အီဘရာဟီမိုဗစ်က “အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကျွန်တော်တို့ ကစားသမားအများအပြားကို စောင့်ကြည့်ခဲ့ပြီး ကိုင်လ်ဝေါ်လ်ကာနဲ့ ဂျင်မီနက်ဇ်တို့ကို ခေါ်ယူခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဂါလာတာစာရေးဟာ တူရကီစူပါလိဂ်ကို ထိပ်ဆုံးကနေ ဦးဆောင်ထားပြီး အဓိကပြိုင်ဘက် ဖီနာဘာချီကို ၆ မှတ်အထိ ဖြတ်တောက်ထားပါတယ်။