
ထိပ်တန်းဂိုးသမားတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အယ်လ်-ဟီလယ်
သတင်းတွေအရ ဆော်ဒီကလပ်အယ်လ်-ဟီလယ်အသင်းဟာ လာမယ့်နွေရာသီမှာ ထိပ်တန်းဂိုးသမားတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပြီး ဘာစီလိုနာဂိုးသမား တာစတီဂျန်အပါအဝင် တော်တော်များများကို ပစ်မှတ်ထားနေပါတယ်။ စပေါ့တ်သတင်းဌာနရဲ့အဆိုအရ အယ်လ်-ဟီလယ်အသင်းဟာ အခုနွေရာသီမှာ ဘိုနိုနေရာအတွက် အစားထိုးဖို့ ပြင်ဆင်နေပြီး ထိပ်တန်းဂိုးသမား ၃ ဦးကို မျက်စိကျနေတယ်လို့ သိရပါတယ်။
အဆိုပါဂိုးသမား ၃ ဦးကတော့ ဘာစီလိုနာစတား တာစတီဂျန် ၊ မန်စီးတီးဂိုးသမား အီဒါဆန် ၊ လီဗာပူးဂိုးသမား အလီဆင်တို့ဖြစ်ပါတယ်။ ၃ ဦးစလုံးကို မြင့်မားတဲ့တန်ကြေးတစ်ရပ်နဲ့ ဆွဲဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဆော်ဒီအာရေဗျကို ကစားသမားတော်တော်များများက ပြောင်းချင်စိတ်မရှိတာကြောင့် အဆိုပါအတားအဆီးနဲ့တော့ ရင်ဆိုင်ရဖို့များနေပါတယ်။
အလီဆင်ကလည်း ပြီးခဲ့တဲ့နွေရာသီတုန်းက ဆော်ဒီလိဂ်ကိုပြောင်းဖို့ ငြင်းဆန်ခဲ့သေးတာဖြစ်ပါတယ်။ တာစတီဂျန်ကလည်း ပြောင်းဖို့အခြေအနေမသေချာသေးပဲ လာမယ့် ၂၀၂၂၆ ကမ္ဘာ့ဖလားလူစာရင်းမှာ မပါဝင်မှာကို စိုးရိမ်နေပါတယ်။ဘာစီလိုနာဟာ ဂိုးသမားနေရာအတွက် အက်စ်ပန်ညိုဂိုးသမား ဂါစီယာကိုခေါ်ယူဖို့ ချိတ်ဆက်နေပြီး ဆက်ဇနီကို စာချုပ်သက်တမ်းတိုးဖွယ်ရှိနေပါတယ်။အဆိုပါအခြေအနေကြောင့် တာစတီဂျန်ကို ရောင်းထုတ်ဖွယ်ရှိနေပြီး လက်ရှိမှာ ဘာစီလိုနာဟာ အားလပ်ရက်အဖြစ် အနားယူနေပါတယ်။