
ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ အထိပေးချေသွားမယ့် အယ်လ်ဟီလယ်
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေပြီး ယခုအခါမှာ ကစားသမားရဲ့ပြောင်းရွှေ့ကြေးအနေနဲ့ ယူနိုက်တက်ထံ ပေါင်သန်း ၁၀၀ အထိပေးချေဖို့အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။
သတင်းတွေအရ ဖာနန်ဒက်စ်ရဲ့မိသားစုဟာ ဆော်ဒီအာရေဗျသို့ပြောင်းရွှေ့ဖို့ ဆန္ဒမရှိတာကြောင့် ကစားသမားအနေနဲ့လည်း အိုးလ်ထရက်ဖို့ဒ်မှခွက်ခွာနိုင်ဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။ အယ်လ်ဟီလယ်ဘက်ကတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ ပေါ်တူဂီလက်ရွေးစင်ကို အမိအရခေါ်ယူလိုနေတာဖြစ်ပြီး ခေါ်ယူနိုင်ဖို့အတွက်လည်း ဘာမဆိုလုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေတာဖြစ်ပါတယ်။
အယ်လ်ဟီလယ်ဟာ ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ကမ်းလှမ်းဖို့အဆင့်သင့်ရှိနေသလို၊ ကစားသမားအတွက် ၃ နှစ်အတွင်း လုပ်ခလစ ပေါင်သန်း ၂၀၀ အထိ ပေးချေသွားဖို့လည်း အဆင်သင့်ရှိနေတာဖြစ်ပါတယ်။ အဆိုပါငွေကြေးပမာဏဟာ လက်ရှိဖာနန်ဒက်စ်ကစားနေတဲ့ ပရီးမီးယားလိဂ်ကလစာထက် ပိုမိုများပြားပြီး ကစားသမားအနေနဲ့ ဆော်ဒီမှာ မိသားစုနဲ့ ပြည့်စုံတဲ့ဘဝကိုတည်ဆောက်နိုင်မှာလည်းဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိအခြေအနေအရ ဖာနန်ဒက်စ်ရဲ့ဆုံးဖြတ်ချက်ဟာ ငွေကြေးအပေါ်မူတည်နေပုံမရတာကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ကစားသမားကို အိုးလ်ထရက်ဖို့ဒ်မှာဆက်လက်မြင်တွေ့ရဖို့ မျှော်လင့်နိုင်ပါသေးတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာတာနဲ့အမျှ အယ်လ်ဟီလယ်ဟာ ဖာနန်ဒက်စ်ကိုသာမက အခြားဥရောပကြယ်ပွင့်တွေဖြစ်တဲ့ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်၊ အေစီမီလန်နောက်ခံလူ သီအိုဟာနန်ဒက်ဇ်တို့ကိုလည်း ခေါ်ယူဖို့ချိတ်ဆက်နေပြီဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဆော်ဒီကလပ်ဟာ မကြာသေးမီက ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးနိမ့်ပြီး ဆုဖလားကို လက်လွှတ်ထားခဲ့ရတဲ့ အင်တာမီလန်နည်းပြ အင်ဇာဂီကိုလည်း ခေါ်ယူနိုင်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ပြိုင်ဘက် အယ်လ်နာဆာနဲ့ လမ်းခွဲဖို့သေချာနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်း အယ်လ်ဟီလယ်ဟာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်အတွင်း အယ်လ်ဟီလယ်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် ဇွန်လ ၁၈ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ အယ်လ်ဟီလယ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်၊ ဆဲလ်ဘတ်၊ ပါချူကာတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။