
ဘော်လွန်းဒီအော်ဆုအတွက် အခြားစတားတစ်ဦးကိုသာ ရွေးချယ်ခဲ့တဲ့ ရီးရဲလ်ဂန္ထဝင်ဟောင်း
ရီးရဲလ်ဂန္ထဝင်ဟောင်း မက်ခီလီလီကတော့ ဘော်လွန်းဒီအော်ဆုအတွက် ဘာစီလိုနာစတား ယာမဲလ်အစား အခြားစတားတစ်ဦးကိုသာ ရွေးချယ်လိုက်ပါတယ်။
ဘော်လွန်းဒီအော်ဆုအတွက်ဆွေးနွေးရာမှာ မက်ခီလီလီက ယာမဲလ်ကို ချန်လှပ်ပြီး ပီအက်စ်ဂျီစတား ဒမ်ဘီလီကို ရွေးချယ်ခဲ့ပါတယ်။
ယာမဲလ်ဟာ ၂၀၂၄ - ၂၅ ရာသီမှာ ကလပ်အသင်းအတွက်ကော နိုင်ငံအသင်းအတွက်ပါ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲစုံ ၆၂ ပွဲမှာ တောင်ပံကစားသမားလေးဟာ ၂၁ ဂိုးသွင်း ၊ ၂၅ ဂိုးဖန်တီးနိုင်ခဲ့သလို ဘာစီလိုနာနဲ့အတူ လာလီဂါ ၊ ကိုပါဒယ်ရေး နဲ့ စပိန်စူပါဖလားတွေရယူနိုင်ခဲ့ပါတယ်။
စပိန်နဲ့အတူတော့ နေးရှင်းလိဂ်ဒုတိယရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ကာ အားလုံးခြုံကြည့်ရင် ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း ဒမ်ဘီလီက ပီအက်စ်ဂျီနဲ့အတူ false nine အဖြစ် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး အသင်းအတွက် ၄၉ ပွဲမှာ ၃၃ ဂိုးအထိသွင်းယူနိုင်ခဲ့သလို ပထမဆုံးချန်ပီယံလိဂ်ဖလားကိုပါရယူပေးနိုင်ခဲ့ပါတယ်။
အဆိုပါစွမ်းဆောင်ရည်ကြောင့် ဒမ်ဘီလီက အခုနှစ်ဘော်လွန်းဒီအော်ဆုအတွက် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
အေအက်စ်သတင်းဌာနနဲ့အင်တာဗျူးမှာ မက်ခီလီလီက “ဒမ်ဘီလီကိုပဲ ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေပါတယ်။ ယာမဲလ်က အချိန်တစ်ခုလောက် သက်သေပြနိုင်ဖို့ လိုအပ်နေပါသေးတယ်။
ဒမ်ဘီလီကတော့ အစောပိုင်းတုန်းက သက်သေပြထားနိုင်ခဲ့ပါတယ်။ တကယ်လို့ လူငယ်တစ်ဦးကိုပေးချင်တယ်ဆိုရင် ယာမဲလ်ပဲဖြစ်ပါလိမ့်မယ်။
သူက အချိန်တစ်ခုလောက်သက်သေပြဖို့ လိုအပ်ပါသေးတယ်။ သူ့အတိုင်းဆက်ကစားပါစေ။ သူက ကလေးပဲရှိသေးသလို အရည်အချင်းရှိပါတယ်။ အရှိန်ကျအောင် မလုပ်ကြပါနဲ့”လို့ ဖြေကြားခဲ့ပါတယ်။
ဒမ်ဘီလီဟာ အခုနှစ်ဘော်လွန်းဒီအော်ဆုအတွက် ထိပ်ဆုံးကရေပန်းစားနေပြီး ကလပ်ကမ္ဘာ့ဖလားမှာလည်း ပီအက်စ်ဂျီကို ဦးဆောင်နေပါတယ်။
အင်းနရစ်ရဲ့ပီအက်စ်ဂျီအသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်အသင်းနဲ့ဆီမီးဖိုင်နယ်ပွဲကန်ရမှာဖြစ်ပါတယ်။ ယာမဲလ်ကတော့ အိုင်ဘီဇာမှာ ၁၈ နှစ်ပြည့်ပါတီပေးနေပြီး မကြာခင် ဘာစီလိုနာနဲ့အတူ ရာသီကြိုခရီးစဉ်ဖြတ်သန်းမှာဖြစ်ပါတယ်။