The network connection is lost.

Banner Image

ကာရစ်ကို ထုတ်ပယ်လိုက်မယ်ဆိုရင်လည်း ယူနိုက်တက်ရဲ့ပြဿနာတွေ မပြေလည်သွားနိုင်ဘူးလို့ ပီတာရှမိုက်ကယ် ပြောကြား

မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က လက်ရှိနည်းပြ မိုက်ကယ်ကာရစ်ကို ရာထူးမှထုတ်ပယ်လိုက်ခြင်းဖြင့် အကျိုးကျေးဇူးတွေ ရရှိနိုင်မယ်ဆိုတဲ့ ထင်မြင်ချက်တွေကို ပယ်ချလိုက်ပါတယ်။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ ညံ့ဖျင်းတဲ့စတင်မှုနဲ့အတူ ကာရစ်ရဲ့နည်းပြထိုင်ခုံ ယိမ်းယိုင်နေပြီး လတ်တလောမှာ ယူနိုက်တက်က ပြိုင်ပွဲစုံနောက်ဆုံးရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။

လာမယ့်သီတင်းပတ်တွေအတွင်း နည်းပြအပြောင်းအလဲပြုလုပ်ဖို့ ကလပ်ဘက်က ရွေးချယ်မယ်ဆိုရင် ကာရစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အက်ဒီဟိုဝီနဲ့ နာဂယ်လ်စ်မန်းတို့ ရေပန်းစားနေပါတယ်။

တကယ်လို့ ကာရစ်သာထွက်ခွာရမယ်ဆိုရင် သူက ၂၀၁၃ ခုနှစ်၊ ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း အသင်းမှထွက်ခွာရတဲ့ ခုနစ်ဦးမြောက်အမြဲတမ်းနည်းပြအဖြစ် မှတ်တမ်းဝင်သွားပါလိမ့်မယ်။ ဒီ ၁၃ နှစ်တာကာလတွေအတွင်း ယူနိုက်တက်က ကာရာဘောင်ဖလား(ယခင်လိဂ်ဖလား)နှစ်ကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ်နဲ့ ယူရိုပါလိဂ်ဖလားတစ်ကြိမ်သာ ရရှိခဲ့ပါတယ်။

ကလပ်အသင်းရဲ့ဦးတည်ချက်ပျောက်ဆုံးနေမှုကို ပရိသတ်တွေကိုယ်တိုင် စိုးရိမ်လာကြပြီး ထိပ်တန်းရာထူးအပြောင်းအလဲတွေ မရှိလာဘူးဆိုရင် ဘာတစ်ခုမှ ပြောင်းလဲသွားစရာမရှိဘူးလို့ ရှမိုက်ကယ် ယုံကြည်နေပါတယ်။

ရှမိုက်ကယ်က "ဒါ ကျွန်တော့်ကို ရူးသွပ်မတတ် ဖြစ်စေပါတယ်။ မိုက်ကယ်ကာရစ်ကို နည်းပြကောင်းတစ်ဦးပါလို့ ပြောနေကြတဲ့သူတွေက ဘယ်သူတွေလဲ"

"ကျွန်တော်တို့ နည်းပြအားလုံးနဲ့ စမ်းသပ်ကြည့်ပြီးပါပြီ။ ဒါက နည်းပြတွေနဲ့ မဆိုင်တော့ပါဘူး။ ကလပ်အသင်းရဲ့ခေါင်းဆောင်မှုအပိုင်းနဲ့သာ သက်ဆိုင်ပါတော့တယ်"

"တကယ်လို့ အက်ဒီဟိုဝီကို ခေါ်မယ်ဆိုရင်လည်း သူ ဘာလုပ်နိုင်မှာလဲ။ သူလည်း ဒီကစားသမားအစုအဖွဲ့နဲ့ပဲ ကာရစ်ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေကို ထပ်တူထပ်မျှ ရင်ဆိုင်ရပါလိမ့်မယ်"

"သူက အချိန်တိုအတွင်းတော့ ဒီကစားသမားတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်ကောင်း လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သူတို့ ဘယ်လိုစိန်ခေါ်ကြမှာလဲ"

"ထူးထူးခြားခြားပြောင်းလဲသွားစရာ ဘာမှမရှိဘူးလို့ပဲ ကျွန်တော် မြင်ပါတယ်" လို့ ဆိုပါတယ်။