လီဗာပူးနည်းပြဘ၀ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်မှာ အန်ဖီးလ်ကွင်းအငွေ့အသက်ကို အံ့အားသင့်နေခဲ့တဲ့ အီရာအိုလာ
အန်ဒိုနီအီရာအိုလာက လီဗာပူးနည်းပြအဖြစ် သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်ကို ကိုင်တွယ်ပြီးနောက် စိတ်လှုပ်ရှားကာ ဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။
လီဗာပူးက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ သူတို့ရဲ့ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်ကို နောက်မှလိုက်ကစားပြီး ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ယူခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာတင် ဧည့်သည်တွေက မားကို့စ်လော်ရန်တေးရဲ့သွင်းဂိုးနဲ့ ဦးဆောင်ကစားခဲ့ပေမဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဆိုဘိုဆလိုင်းနဲ့ မက်အယ်လစ္စတာတို့ရဲ့သွင်းဂိုးတွေကြောင့် လီဗာပူးအတွက် အဖိုးတန်အနိုင်သုံးမှတ်အပြည့် ထွက်ပေါ်လာခဲ့ပါတယ်။
ဒါက အသက် ၄၄ နှစ်အရွယ်နည်းပြအီရာအိုလာအတွက်လည်း ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ် ဖြစ်ပြီး ပွဲဦးထွက်ကို အနိုင်ရလဒ်နဲ့အတူ လှလှပပဖြတ်သန်းနိုင်ခဲ့လို့ ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။
ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် အီရာအိုလာက နာမည်ကျော်အန်ဖီးလ်ကွင်းရဲ့အားပေးမှုအငွေ့အသက်တွေအကြောင်း ပြောပြခဲ့ပါတယ်။
သူက "ဒီထက်ပိုပြီး မျှော်လင့်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ အထူးသဖြင့် ပွဲအစပိုင်းမှာ ကစားသမားတွေ ရုန်းကန်ခဲ့ရပေမဲ့ ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားကို ပြသနိုင်ခဲ့ကြတယ်လို့ ထင်ပါတယ်"
"ကျွန်တော် တကယ် သဘောကျမိပါတယ်။ ကွင်းတွင်းအခြေအနေတွေက မယုံကြည်နိုင်စရာကောင်းလောက်အောင် ပြည့်စုံပြီး ဒါကို ခံစားခွင့်ရလို့ ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ယူဆမိပါတယ်။ ပွဲအစပိုင်းမှာတော့ ကျွန်တော့်ရဲ့အမှားလို့ပဲ ပြောရပါမယ်။ ပြိုင်ဘက်က ခံစစ်ငါးယောက်တန်းပုံစံ ၅-၃-၂ ကစားကွက်နဲ့ ကစားသွားပြီး နည်းစနစ်ပိုင်းအရ ကျွန်တော့်ကို အနည်းငယ် အံ့အားသင့်စေခဲ့ပါတယ်"
"ကျွန်တော်တို့က တခြားပုံစံတစ်မျိုးကို မျှော်လင့်ထားခဲ့လို့ ဒါကိုပြင်ဆင်နိုင်ဖို့အတွက် စောင့်ဆိုင်းခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့အသင်း ပိုမိုကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ဖိအားပေးပုံတွေလည်း ပိုကောင်းလာသလို ကောင်းမွန်တဲ့အသင်းတစ်ခုအဖြစ် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်"လို့ ပြောပါတယ်။
မက်အယ်လစ္စတာရဲ့အနိုင်ဂိုးနဲ့ပတ်သက်ပြီး အီရာအိုလာက "ဟုတ်ပါတယ်၊ သူ့အတွက်ရော၊ ဆိုဘိုဆလိုင်းအတွက်ပါ တကယ့်ကိုလှပတဲ့ သွင်းဂိုးတွေ ဖြစ်ခဲ့ပါတယ်။ သူတို့တွေ အများကြီးပြေးလွှားကစားခဲ့ပါတယ်။ မက်အယ်လစ္စတာလည်း တကယ့်ကို ပါးနပ်လွန်းပြီး သူ့ရဲ့အဝါကတ်ကတော့ အလွယ်တကူပြစ်ဒဏ်ပေးခဲ့တဲ့ကိစ္စမျိုးလို့ ထင်ပါတယ်။ ပြိုင်ဘက်က သူ့အတွက် ဒုတိယမြောက်အဝါကတ်ထွက်ပေါ်လာအောင် ဖိအားပေးခဲ့ကြပေမဲ့ သူကတော့ ပါးနပ်တဲ့သူဖြစ်လို့ အခြေအနေကို ကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့ပါတယ်"လို့ ပြောပါတယ်။
ဘာကိုလာ လူစားလဲလှယ်မှုနဲ့ပတ်သက်လို့လည်း အီရာအိုလာက "ဒဏ်ရာကြောင့် မဟုတ်ပါဘူး။ ကြွက်တက်ရုံသက်သက်ပါပဲ၊ အထူးသဖြင့် ဘာကိုလာပေါ့" လို့ ဆိုပါတယ်။
"ကျွန်တော်တို့ သူ့ကို နည်းနည်းလောက် အလျင်စလိုအသုံးပြုမိခဲ့သလို ဖြစ်သွားပါတယ်။ ကွင်းတွင်းမှာ ရှိစေချင်ပေမဲ့ နောက်ဆုံးမှာတော့ သူ့ဆီမှာ ရှိတဲ့စွမ်းဆောင်ရည်တွေကိုပဲ အစွမ်းကုန်ထုတ်သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လာမယ့်ပွဲစဉ်အတွက် ဘယ်လိုပြန်လည် ကြံ့ခိုင်လာမလဲဆိုတာကို စောင့်ကြည့်ရပါဦးမယ်"လို့ ဆက်ပြောပါတယ်။
ရင်ဆိုင်ရတဲ့ပြိုင်ဘက်နဲ့ပတ်သက်လို့လည်း လီဗာပူးနည်းပြက "ကျွန်တော် တကယ်ကို ပျော်ရွှင်ခဲ့ရပါတယ်။ အက်သလက်တီကိုမက်ဒရစ်ဆိုတာ တကယ့်ကိုကောင်းမွန်တဲ့ အသင်းတစ်ခုပါ။ နည်းစနစ်ပိုင်းအရ ကွင်းလယ်မှာ ကောင်းမွန်တဲ့ကစားသမားတွေ ရှိနေပြီး အရည်အသွေးရှိတဲ့ ဒီလိုကစားသမားတွေကို ဖိအားပေးဖို့ဆိုတာ မလွယ်ကူပါဘူး"
"သူတို့တွေ အတူတကွတွဲဖက်ကစားလာခဲ့ကြတာ အတော်ကြာပါပြီ။ ကျွန်တော်တို့ကတော့ နော်တင်ဟမ်ဖောရက်စ်၊ နယူးကာဆယ်တို့နဲ့ပွဲစဉ်တွေလိုပဲ အခုပွဲစဉ်မှာလည်း နောက်မှလိုက်ကစားပြီး အနိုင်ယူခဲ့ပါတယ်။ ပွဲချိန်အစောပိုင်းအခြေအနေတွေကို တိုးတက်လာအောင် ပြုလုပ်ဖို့ လိုအပ်နေသေးပေမဲ့ စိတ်ဓါတ်ခွန်အားကို ပြသနိုင်ခဲ့လို့ ပျော်ရွှင်ကျေနပ်မိပါတယ်"
"ဒါ ချန်ပီယံလိဂ်ပြိုင်ပွဲပါ၊ လွယ်ကူတဲ့ပွဲစဉ်တွေဆိုတာ မရှိပါဘူး" လို့ ဆိုပါတယ်။