လီဗာပူးအသင်းရဲ့ ရှယ်ယာ ၄၀ ရာခိုင်နှုန်းနီးပါးကို ဝယ်ယူခဲ့တဲ့ ဂျက်ဖ်ဘီဇော့စ် ပါဝင်သောလုပ်ငန်းစု
အမေဇုန်(Amazon)ကုမ္ပဏီတည်ထောင်သူ ဂျက်ဖ်ဘီဇော့စ် ကျောထောက်နောက်ခံပြုထားတဲ့ ကုမ္ပဏီလုပ်ငန်းစုတစ်ခုက FSG ဆီမှ လီဗာပူးအသင်းရဲ့အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းနီးပါးကို ဝယ်ယူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ကနဦးသတင်းတွေမှာ 1892 Holdings က အသင်းရဲ့အစုရှယ်ယာ သုံးပုံတစ်ပုံခန့်ကို ဝယ်ယူခဲ့တယ်လို့ ဖော်ပြခဲ့ကြပေမဲ့ The Athletic ရဲ့ အဆိုအရ အမှန်တကယ်ဝယ်ယူခဲ့တဲ့ ပမာဏမှာ ၃၈ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ သိရပါတယ်။
ဘီဇော့စ်ကျောထောက်နောက်ခံပြုထားတဲ့ ကုမ္ပဏီလုပ်ငန်းစုအတွက် တရားဝင်ကတိကဝတ်ရရှိထားတာမျိုး မဟုတ်ပေမဲ့ လာမယ့် ၁၂ လအတွင်း အသင်းရဲ့ရှယ်ယာအများစုကို ထပ်မံဝယ်ယူနိုင်မယ့် ရွေးချယ်ခွင့်လည်း ရှိနေပြန်တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းစတင်တည်ထောင်ခဲ့တဲ့ ခုနှစ်ကို အစွဲပြုကာအမည်ပေးထားတဲ့ ဒီလုပ်ငန်းစုကို ဗြိတိန်-အိန္ဒိယနွယ်ဖွားသန်းကြွယ်သူဌေး စီးပွားရေးလုပ်ငန်းရှင် အာမစ် ဘာတီးယားက ဦးဆောင်ပြီး အဖွဲ့ဝင်တွေထဲမှာ Facebook ပူးတွဲတည်ထောင်သူ ဆာဗီရင်နဲ့ ဂျက်ဖ်ဘီဇော့စ်တို့လည်း ပါဝင်နေပါတယ်။
ဒီအရောင်းအဝယ်သဘောတူညီမှုကြောင့် ဘာတီးယားက လီဗာပူးအသင်းရဲ့ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး တိုးချဲ့ထားတဲ့ အသင်းဘုတ်အဖွဲ့ဝင်စာရင်းမှာ ပါဝင်လာပါလိမ့်မယ်။
ယခုသဘောတူညီမှုအရ လီဗာပူးအသင်းရဲ့စျေးကွက်တန်ဖိုးက ပေါင် ၅ ဘီလီယံမှ ၆ ဘီလီယံအကြား ရှိနေပါတယ်။