The network connection is lost.

Banner Image

ဖရက်ဒီဝုဒ်မန်းကို စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ လီဗာပူး

လီဗာပူးအသင်းက ဂိုးသမားဖရက်ဒီဝုဒ်မန်းကို အသင်းနဲ့အတူ ရေရှည်ဆက်ရှိနေဖို့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ဝုဒ်မန်းက ယမန်နှစ်နွေရာသီကာလအတွင်း ဂိုးသမားအင်အားဖြည့်တင်းဖို့လိုအပ်နေတဲ့ လီဗာပူးအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပါတယ်။ အခုတော့ သူက စာချုပ်သက်တမ်းတိုးမြှင့်ပြီး အန်ဖီးလ်မှာပဲ အနာဂတ်ကို ဆက်လက်မြှုပ်နှံထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဝုဒ်မန်းက "အမှန်တကယ်ပြောရရင် ကျွန်တော် အရမ်းဝမ်းသာမိပါတယ်" လို့ ပြောပါတယ်။ 

"ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက်တော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အခိုက်အတန့်ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ အခု ရာသီကြိုကာလပြန်ရောက်လာချိန်မှာလည်း အသင်းဘက်က ကျွန်တော့်ကို ဆက်နေဖို့ ကမ်းလှမ်းလာလို့ တကယ်ကို ကျေနပ်မိပါတယ်။ ဒီလို အံ့ဩစရာကောင်းတဲ့ ကလပ်အသင်းကြီးမှာ စာချုပ်သစ် ထပ်ချုပ်ခွင့်ရပြီး အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေခွင့်ရလို့ အရမ်းပျော်ရွှင်မိပါတယ်"

"ဂုဏ်ယူမိသလို ခံစားချက်တွေလည်း အများကြီး ဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော့်ရဲ့တာဝန်ကို အကောင်းဆုံးထမ်းဆောင်ခဲ့သလို အထူးသဖြင့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အတွက် ပါဝင်ကစားချိန် ပရိသတ်တွေနဲ့တသားတည်းဖြစ်နေသလို ခံစားခဲ့ရပါတယ်" လို့ သူက ဆိုပါတယ်။

"အခုတော့ ဒီမှာ အကြာကြီး ဆက်နေခွင့်ရပြီဖြစ်လို့ တကယ့်ကို မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော်ရော၊ ကျွန်တော့်မိသားစုပါ အလွန်ဝမ်းသာနေကြပါတယ်" လို့ ဝုဒ်မန်းက ပြောကြားခဲ့ပါတယ်။