တော့တင်ဟမ်နဲ့ ကာလရှည်စာချုပ်ချုပ်ဆိုလိုက်တဲ့ ပေါ်ရို
ညာနောက်ခံကစားသမား ပက်ဒရိုပေါ်ရိုဟာ အသင်းနဲ့အတူ ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း စပါးအသင်းက အခုပဲ အတည်ပြုကြေညာလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်ရိုဟာ စိန်ခေါ်မှုတွေများခဲ့တဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီမှာ စပါးအသင်း ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် ကူညီပေးနိုင်ခဲ့တဲ့ အဓိကကစားသမားဖြစ်သလို အသင်းရဲ့ အကောင်းဆုံးကစားသမားလို့လည်း ဆိုနိုင်ပါတယ်။
မြောက်လန်ဒန်ကလပ် စပါးအသင်းကတော့ ဒီညာနောက်ခံလူဟာ အသင်းမှာပဲ ဆက်ရှိနေဖို့အတွက် ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒီနောက်ခံလူဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ စပို့တင်းအသင်းကနေ စတင်ရောက်ရှိလာခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၁၅၂ ပွဲအထိ ကစားပေးထားပြီးဖြစ်ပါတယ်။
အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့တဲ့ နည်းပြ ရော်ဘတ်တို ဒီဇာဘီက ပေါ်ရိုရဲ့ အရေးပါမှုကို အခုလိုပဲ အလေးပေးပြောကြားခဲ့ပါတယ်။ "ပက်ဒရိုဟာ ကျွန်တော်တို့အသင်းအတွက် အရမ်းကို အရေးကြီးတဲ့ ကစားသမားတစ်ယောက်ပါ။ သူဟာ ခံစစ်ရော တိုက်စစ်ပိုင်းမှာပါ ပွဲအပေါ် သက်ရောက်မှုရှိအောင် ဘယ်လိုကစားရမလဲဆိုတာကို အမြဲတမ်းပြသနိုင်ခဲ့သူပါ" လို့ ဆိုပါတယ်။
"သူ့ရဲ့ နည်းစနစ်ပိုင်း အရည်အသွေးတွေအပြင် စိတ်ဓာတ်ပိုင်းကိုလည်း ကျွန်တော် တကယ်သဘောကျပါတယ်။ နေ့တိုင်း အလုပ်လုပ်ချင်တယ်၊ သင်ယူချင်တယ်၊ တိုးတက်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိပြီး ဒါတွေဟာ ကစားသမားတစ်ယောက်ကို ထိပ်တန်းအဆင့် ရောက်အောင် ကူညီပေးနိုင်တဲ့ အချက်တွေပါပဲ။ သူက ဘောလုံးနဲ့ပတ်သက်ရင် အရမ်းကို ပါးနပ်စွာ နားလည်သဘောပေါက်သူဖြစ်ပြီး အသင်းအတွက်လည်း တက်ကြွမှုတွေ၊ ပြင်းပြတဲ့အားထုတ်မှုတွေနဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ယူဆောင်လာပေးနိုင်ပါတယ်" လို့လည်း ဆက်ပြောပါတယ်။
"ဒီစာချုပ်သစ်ဟာ အသင်းမှာရှိတဲ့သူတိုင်းအတွက် သတင်းကောင်းတစ်ခုပါပဲ။ ကျွန်တော်တို့ ပက်ဒရိုကို ယုံကြည်ပါတယ်၊ ရှေ့လျှောက် သူ့ကို ပိုပြီးတော့ အောင်မြင်အောင် ကူညီပေးရင်းနဲ့ အတူတူ ဆက်ပြီး အလုပ်လုပ်သွားရမှာကိုလည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်" လို့ နည်းပြဖြစ်သူက ပြောကြားခဲ့ပါတယ်။