အန်းစလော့ထုတ်ပယ်ခံရမှုနဲ့ပတ်သက်လို့ အံ့ဩမိခဲ့တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ လီဗာပူးကပ္ပတိန်ဗန်ဒိုက်
ပြီးခဲ့တဲ့စနေနေ့၊ အန်ဖီးလ်ဦးဆောင်သူနေရာမှ အန်းစလော့ဖယ်ရှားခံရမှုအပေါ် အံ့အားသင့်မိခဲ့တယ်လို့ လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။
ယမန်နှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံတွေက စိတ်ပျက်စရာကောင်းတဲ့ရာသီတစ်ခုအပြီး အမှတ်ပေးဇယားပဉ္စမနေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုတောင် ခဲရာခဲဆစ်ရယူခဲ့လို့ အန်းစလော့ကို နည်းပြရာထူးမှ ဖယ်ရှားခဲ့ပါတယ်။
၂၀၂၅-၂၀၂၆ ရာသီဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲချိန်ပြည့်၊ တစ်မိနစ်မှမလွဲဘဲ ပါဝင်ကစားခဲ့တဲ့ ဗန်ဒိုက်က ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အံ့ဩမိတယ်လို့ ဒတ်ခ်ျရုပ်သံလိုင်း NOS ဆီ ပြောကြားခဲ့ပါတယ်။
"ဒါ တကယ့်ကို အံ့ဩစရာကောင်းခဲ့ပါတယ်။ ကျွန်တော်က အန်းစလော့၊ သူ့ရဲ့လက်ထောက်ဟားလ်ရှော့ဗ်တို့နဲ့ စကားပြောခဲ့ပြီး ကျွန်တော့်အတွက် သူတို့လုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ လီဗာပူးအသင်းအတွက် ဒီအခြေအနေမှတဆင့် ကောင်းကောင်းမွန်မွန် ကျော်ဖြတ်နိုင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်" လို့ အယ်လ်ဂျီးရီးယားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ နယ်သာလန်ရဲ့ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲစဉ်အပြီး ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။
ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ သူ့ကို ချန်လှပ်ထားခဲ့တယ်လို့ ဗန်ဒိုက်က ဆိုပါတယ်။
"စနေနေ့၊ အမ်စတာဒမ်ဆီ ကျွန်တော်ရောက်ရှိလာချိန် သတင်းတွေ ထွက်ပေါ်နေခဲ့ပါပြီ။ အဲ့ဒီနောက် ကလပ်အသင်းနဲ့ ကျွန်တော့်အကြား ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့ အဲ့ဒီအချိန်မှာ ဆုံးဖြတ်ချက်ချမှတ်ပြီးသွားပါပြီ။ သူတို့က ကျွန်တော့်ရဲ့သဘောထားကို တောင်းဆိုတာမျိုး မဟုတ်ပါဘူး"လို့ သူက ရှင်းပြပါတယ်။
လီဗာပူးအသင်းက အန်းစလော့ရဲ့နေရာမှာ ဘုန်းမောက်နည်းပြဟောင်းအီရာအိုလာကို အစားထိုးသွားဖို့ ပြင်ဆင်နေပြီး မကြာခင်တရားဝင်ထုတ်ပြန်ကြေညာသွားဖို့ ရှိနေပါတယ်။