ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌလောင်း ရီကွယ်လ်မီက ရိုဒရီကို ခေါ်ယူမယ်လို့ အံ့အားသင့်ဖွယ် ပြောကြား
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌလောင်းဖြစ်သူ အင်းနရစ် ရီကွယ်လ်မီက သူသာ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် မန်စီးတီးအသင်းက ရိုဒရီကို ခေါ်ယူသွားမယ်လို့ အံ့အားသင့်ဖွယ်ရာ ပြောဆိုလိုက်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့ (ဇွန်လ ၇ ရက်) မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ လက်ရှိဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်စ်ရဲ့နေရာကို ဆက်ခံဖို့အတွက် ရီကွယ်လ်မီက အံ့အားသင့်ဖွယ် ပြိုင်ဘက်တစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူက သူသာ အနိုင်ရခဲ့ရင် လုပ်ဆောင်ပေးမယ့် ကတိကဝတ်အချို့ကို ပြောကြားခဲ့ပြီး အခုလည်း မန်စီးတီးကြယ်ပွင့် ရိုဒရီကို ခေါ်ယူနိုင်ဖို့ "အစွမ်းကုန် ကြိုးစားသွားမယ်လို့ အာမခံနိုင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
El Hormiguero အစီအစဉ်မှာ သူက "ကျွန်တော်သာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ရိုဒရီဟာ ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်လာပါလိမ့်မယ်။ ဒါဖြစ်လာဖို့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမယ်လို့ အာမခံပါတယ်" လို့ ပြောခဲ့ပါတယ်။
သူသာ အနိုင်ရခဲ့ရင် ဂျိုဆေး မော်ရင်ဟိုက သူတို့အသင်းရဲ့ နည်းပြဖြစ်လာမယ်လို့လည်း ပြောကြားခဲ့ပြီး "ကျွန်တော်သာ အနိုင်ရခဲ့ရင် ရီးရဲလ်မက်ဒရစ်အသင်းဆီကို စူပါစတားနည်းပြတစ်ဦး ခေါ်ဆောင်လာမှာပါ။ ခင်ဗျားတို့ စိတ်ကူးကြည့်လို့ရသမျှ အကြီးကျယ်ဆုံး နည်းပြမျိုးပေါ့" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
"ဂျိုဆေး မော်ရင်ဟိုက ကျွန်တော်တို့ နည်းပြ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ အားလုံး တကယ်တမ်း လိုလားတောင့်တနေတဲ့ နည်းပြကိုပဲ ကျွန်တော်တို့ ခေါ်ယူသွားမှာပါ" လို့ ဆိုပါတယ်။