ရီးရဲလ်မက်ဒရစ်နည်းပြတာဝန်မှ နုတ်ထွက်ခဲ့ပြီးနောက် အမ်ဘာပေကို ချီးကျူးစကားဆိုလိုက်တဲ့ အာဘီလိုအာ
ရီးရဲလ်မက်ဒရစ်နည်းပြတာဝန်မှ နုတ်ထွက်ခဲ့ပြီးတဲ့နောက် အာဘီလိုအာက အမ်ဘာပေနဲ့ အသင်းကစားသမားတွေကို စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းအာဘီလိုအာက ဘီလ်ဘာအိုကို အနိုင်ယူခဲ့တဲ့ ရာသီပိတ်ပွဲစဉ်အပြီး ဘာနေဗျူးကွင်းမှာ ခြောက်လကြာတာဝန်ယူခဲ့တဲ့နည်းပြသက်တမ်းကို အဆုံးသတ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်မှ အာဘီလိုအာ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာချိန် အမ်ဘာပေက အာဘီလိုအာဆီ ပထမဆုံးဆက်သွယ်လာတဲ့ကစားသမားတွေအနက် တစ်ဦး ဖြစ်လာပြီး အနာဂတ်မှာအောင်မြင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားဆုရှင်အမ်ဘာပေရဲ့သတင်းစကားကြောင့် အာဘီလိုအာကိုယ်တိုင် စိတ်လှုပ်ရှားခဲ့ပြီး လူမှုကွန်ရက်မှတဆင့် ပြင်သစ်ကြယ်ပွင့်ကို အထူးတလည် ပြန်လည်ချီးကျူးခဲ့ပါတယ်။
"ကျေးဇူးအများကြီးတင်ပါတယ် အမ်ဘာပေ။ မင်းလို ပြိုင်ဘက်ကင်းအရည်အချင်းရှိပြီး ထူးချွန်တဲ့ ကစားသမားမျိုးကို နည်းပြခွင့်ရရှိခဲ့လို့ အမြဲတမ်းဂုဏ်ယူနေပါမယ်။ ခက်ခဲတဲ့အချိန်တွေဆိုတာ အမြဲတမ်း တည်ရှိမနေနိုင်ပေမဲ့ သန်မာတဲ့သူတွေကတော့ အမြဲတမ်း ကျော်ဖြတ်နိုင်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။
အာဘီလိုအာက ရီးရဲလ်မက်ဒရစ်ကို ၂၈ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၈ ပွဲရှုံးနိမ့်ခဲ့ပြီး ဒီကာလအတွင်း အသင်းအတွက် ဆုဖလားရယူပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ စပိန်ထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့်ရာသီမှာ အာဘီလိုအာရဲ့နေရာကို ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုနဲ့ အစားထိုးသွားဖို့ ပြင်ဆင်နေပါတယ်။