အီရန်အသင်းရဲ့ ကမ္ဘာ့ဖလားအခြေစိုက်စခန်းကို အမေရိကန်မှ မက္ကဆီကိုဆီ ပြောင်းရွှေ့ဖို့ ဖီဖာခွင့်ပြုပေး
ဒေသတွင်းတင်းမာမှုတွေနဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုတွေ မြင့်တက်နေလို့ ၂၀၂၆ ကမ္ဘာ့ဖလားလေ့ကျင့်ရေးအခြေစိုက်စခန်းကို အမေရိကန်ပြည်ထောင်စုမှ မက္ကဆီကိုနိုင်ငံဆီ ပြောင်းရွှေ့ဖို့ဆိုတဲ့ အီရန်ရဲ့ တောင်းဆိုချက်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အတည်ပြုပေးလိုက်ပါတယ်။
မူလက အရီဇိုးနားပြည်နယ်၊ တပ်ဆန်မြို့မှာ အီရန်လက်ရွေးစင်အသင်း အခြေစိုက်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ ပြိုင်ပွဲဝင်အသင်း ၄၈ ခုပါ ပြိုင်ပွဲကြီးအတွက် သူတို့ရဲ့အခြေစိုက်နေရာကို တီဟွာနာမြို့မှာပဲ ပြောင်းလဲဖွင့်လှစ်သွားဖို့ စီစဉ်ခဲ့ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမယ်ဒီတာ့ဂျ်က ဖီဖာတာဝန်ရှိသူတွေနဲ့ အသေးစိတ်ဆွေးနွေးပြီးနောက် ဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခဲ့တယ် AP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီလိုပြောင်းရွှေ့မှုက မြောက်အမေရိကမှာ အီရန်လက်ရွေးစင်အသင်းတည်းခိုနေထိုင်မှုအပေါ် သက်ရောက်နိုင်တဲ့ ရှုပ်ထွေးတဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေကြောင့် ကြိုတင်ပြင်ဆင်လိုက်တဲ့ မဟာဗျူဟာမြောက် တုံ့ပြန်မှုတစ်ခုလို့လည်း ရှုမြင်နေကြပါတယ်။
အခြေစိုက်စခန်းပြောင်းရွှေ့မှုကို ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ပြိုင်ပွဲဆိုင်ရာစီမံခန့်ခွဲမှုတွေနဲ့ အပြည့်အဝ ကိုက်ညီမှုရှိစေဖို့အတွက် အဆင့်မြင့်အစည်းအဝေးတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း တာ့ဂျ်က ပြောပြခဲ့ပါတယ်။
"ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မယ့်နိုင်ငံတွေရဲ့အခြေစိုက်စခန်းအားလုံးအတွက် ဖီဖာရဲ့ခွင့်ပြုချက် ရရှိဖို့ လိုအပ်ပါတယ်" လို့ တာ့ဂျ်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကံကောင်းထောက်မစွာပဲ ကျွန်တော်တို့တင်ပြထားတဲ့ တောင်းဆိုမှုတွေ၊ အစ္စတန်ဘူလ်မှာ ဖီဖာအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုတွေ၊ နောက်ပြီး ယမန်နေ့၊ တီဟီရန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖီဖာအထွေထွေအတွင်းရေးမှူးချုပ်နဲ့ အွန်လိုင်းအစည်းအဝေးတွေအပြီး အသင်းရဲ့အခြေစိုက်စခန်းကို အမေရိကန်မှ မက္ကဆီကိုဆီ ပြောင်းလဲသွားမယ့်တောင်းဆိုချက်အပေါ် အတည်ပြုချက် ရရှိခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။