နယူးဇီလန်နဲ့ပွဲစဉ်အပြီး အမေရိကန်မြေမှ ချက်ချင်းထွက်ခွာဖို့ အီရန်အသင်း ဖိအားပေးခံရ
တင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေချိန် ဒီနေ့မနက်ပိုင်း၊ နယူးဇီလန်နဲ့သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အပြီး အမေရိကန်မြေမှ ချက်ချင်းထွက်ခွာသွားဖို့အတွက် အီရန်လက်ရွေးစင်အသင်းဆီ ဖိအားပေးမှု ရှိလာခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ရှိ SoFI Stadium ကွင်းမှာ အုပ်စု(G) ပွဲစဉ်အဖြစ် အီရန်အသင်းနဲ့ နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင်နေချိန် ပရိသတ်အချို့က အီရန်နိုင်ငံတော်သီချင်းကို ပျက်ရယ်ပြုလှောင်ပြောင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ အီရန်နိုင်ငံနဲ့ အမေရိကန်၊ အစ္စရေးပူးပေါင်းတပ်တွေ စစ်မက်ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်အကြားဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပျက်ပြားခဲ့သလို အီရန်လက်ရွေးစင်အသင်းရဲ့ကမ္ဘာ့ဖလားခရီးစဉ်ကလည်း နိုင်ငံရေးအရ အလွန်တင်းမာနေချိန် ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင် စစ်ပွဲအဆုံးသတ်စေဖို့အတွက် အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီလို့ ထုတ်ပြန်ကြေညာပြီးနောက် နာရီပိုင်းအကြာမှာ ဒီကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို စတင်ကျင်းပခဲ့ပေမဲ့ အီရန်အသင်းကစားရမယ့်ပွဲစဉ်တွေပြီးပြီးချင်း နိုင်ငံမှ ချက်ချင်းထွက်ခွာဖို့ ဖိအားပေးမှုလည်း ရှိလာခဲ့ပါတယ်။
အီရန်အသင်းနည်းပြဂါလီနွိုင်းကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အခုလိုစည်းမျဉ်းတွေကြောင့် သူ့ရဲ့အသင်းအပေါ် ကြီးကြီးမားမားသက်ရောက်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
"ဒီနေ့ပွဲစဉ်အပြီးမှာ သူတို့က ကျွန်တော်တို့ကို 'ခင်ဗျားတို့ ချက်ချင်း ထွက်ခွာရမယ်' လို့ ပြောခဲ့ပါတယ်။ တကယ်တော့ ဒီနေ့က ကျွန်တော်တို့ကစားသမားတွေ ကြံ့ခိုင်မှုပြန်လည်ရရှိဖို့အတွက် အနားယူဖို့ တကယ်ကိုအရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်" လို့ ဂါလီနွိုင်းက ဆိုပါတယ်။
"ကျွန်တော်တို့ကို လေယာဉ်စီးပြီး Tijuana မှာရှိတဲ့ လေ့ကျင့်ရေးစခန်းဆီ ပြန်ဖို့ ပြောခဲ့ကြလို့ ဒါက ကျွန်တော်တို့ကို တကယ်ပဲ ဒုက္ခရောက်စေပါတယ်။ သူတို့က ကျွန်တော်တို့ကို စောစောစီးစီး ပြန်ခိုင်းနေတာပါ။ အခြေအနေတွေကို ပိုမိုခက်ခဲအောင်၊ အဟန့်အတားတွေ ပိုများအောင် ပြုလုပ်နေကြပေမဲ့ ကျွန်တော်တို့ရဲ့ အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတဲ့ ရည်မှန်းချက်ကို မရပ်တန့်ပေးနိုင်ပါဘူး"
"ရိုးရိုးသားသားပြောရရင် သူတို့တွေ ကျွန်တော်တို့ကို ဘာကြောင့်ပြန်လွှတ်နေလဲဆိုတာ မသိပါဘူး။ ဒါ တကယ့်ကို ထူးဆန်းလွန်းတယ်လို့ ထင်ပါတယ်။ အခြားသူတွေက ကျွန်တော်တို့အတွက် အစီအစဉ်တွေ ဆွဲပေးနေသလိုပါပဲ... ကျွန်တော်တို့က ပွဲနေ့မတိုင်ခင် နှစ်ရက်အလိုမှာ ရောက်ရှိနေရမှာဖြစ်ပေမဲ့ သူတို့တွေ ခွင့်မပြုခဲ့ပါဘူး။ ဒီညကို အနားယူပြီး မနက်ဖြန်နေ့လည်စာစားချိန်လောက် လေ့ကျင့်ရေးစခန်းဆီပြန်ဖို့ စီစဉ်ထားတာပါ"
"တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းဟာ အဖိနှိပ်ခံရဆုံးအသင်းလို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ဘောလုံးအဖွဲ့ချုပ်လည်း ဒီမှာမရှိဘူး၊ ကျွန်တော်တို့ရဲ့မီဒီယာလည်း မရှိဘူး၊ ကျွန်တော်တို့ရဲ့တာဝန်ရှိသူတွေလည်း ဒီမှာ မရှိကြပါဘူး" လို့ သူက ဆိုပါတယ်။
အီရန်အသင်းက လာမယ့်တနင်္ဂနွေနေ့မှာလည်း ဘယ်လ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိပြီး ပွဲစဉ်ပြီးပြီးချင်းမှာပဲ အမေရိကန်ပြည်ထောင်စုမှ ချက်ချင်းထွက်ခွာပေးရမယ့် နောက်ထပ်ပွဲစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်။