ချဲလ်ဆီးဆေးအဖွဲ့ကို ကျေးဇူးတင်ကြောင်းနှင့် ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ဂျက်ဆီဒယ်ရီ
ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်မှာပဲ ပြင်းပြင်းထန်ထန် ခေါင်းချင်းရိုက်မိခဲ့တဲ့ ဂျက်ဆီဒယ်ရီကတော့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလာပါတယ်။
လိဒ်ယူနိုက်တက်နဲ့ QPR ကွင်းလယ်လူဟောင်း ရှောင်ဒယ်ရီရဲ့ သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် ဂျက်ဆီဒယ်ရီဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့တာပါ။
ဒါပေမဲ့ ပွဲအစမှာ ခြေစွမ်းပြနေတုန်းမှာပဲ ပထမပိုင်းမပြီးခင် ဇက်အက်ဘော့တ်နဲ့ ခေါင်းချင်းပြင်းပြင်းထန်ထန် တိုက်မိခဲ့တာကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရပါတယ်။ အဲဒီဒဏ်ရာကြောင့် လာမယ့် လီဗာပူးနဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့လည်း တောင်ပံကစားသမားတွေဖြစ်တဲ့ အက်စတီဗာအို၊ ဂျေမီဂစ်တန်စ်နဲ့ မူဒရစ်တို့ မပါနိုင်တဲ့အပြင် အခု ဂျက်ဆီဒယ်ရီပါ ထပ်မံလွဲချော်ဦးမှာ ဖြစ်ပါတယ်။
အခုလို ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်အပြီးမှာ ဒယ်ရီက ပရိသတ်တွေနဲ့ သူ့ကို ကွင်းထဲကွင်းပြင်မှာ ကုသပေးခဲ့တဲ့ ဆေးအဖွဲ့တွေကို ကျေးဇူးတင်စကား ပါးခဲ့ပါတယ်။
"စတန်းဖို့ဒ်ဘရစ်ချ်မှာ ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ပွဲထွက်ကစားခွင့်ရခဲ့တာ အိပ်မက်တစ်ခု တကယ်ဖြစ်လာခဲ့တာပါ။ ချဲလ်ဆီးဆေးအဖွဲ့၊ စိန့်မေရီဆေးရုံက ဝန်ထမ်းတွေ၊ အသင်းဖော်တွေနဲ့ အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အမြန်ဆုံးပြန်လာပြီး ပရိသတ်တွေရှေ့မှာ ပြန်ကစားချင်နေပါပြီ" လို့ ၎င်းက ရေးသားခဲ့ပါတယ်။
ဒယ်ရီရဲ့နေရာမှာ လီယမ်ဒလက်ပ်က ဦးခေါင်းထိခိုက်မှုဆိုင်ရာ လူစားလဲမှု အဖြစ် ဝင်ရောက်ကစားခဲ့ပြီး အစ်ဝစ်ချ်တိုက်စစ်မှူးဟောင်း လီယမ်ဒလက်ပ်ကပဲ လာမယ့်သီတင်းပတ် လီဗာပူးနဲ့ပွဲမှာ ချဲလ်ဆီးအတွက် ဆက်လက်ပါဝင်လာဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ ကနေ တက်လှမ်းနိုင်ဖို့ ကြိုးစားနေရတာလည်း ဖြစ်ပါတယ်။