The network connection is lost.

Banner Image

အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရတဲ့ အဒါရာမိုလာ

ရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ တာယို အဒါရာမိုလာဟာ အိုင်ယာလန်လက်ရွေးစင်အသင်းကြီးမှာ ပါဝင်ဖို့အတွက် ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ကို နည်းပြဖြစ်သူ ဟေးမီ ဟယ်ဂရင်မ်ဆန်က စပိန်နိုင်ငံမှာပြုလုပ်မယ့် လေ့ကျင့်ရေးစခန်းအတွက် လူစာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း မေလ ၁၆ ရက်နေ့မှာ မာစီယာမြို့ရှိ Enrique Roca Stadium မှာ ဂရန်နာဒါအသင်းနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ ရှိပါတယ်။

အခုလက်ရှိ လူစာရင်းကိုတော့ ရာသီပွဲစဉ်တွေ ပြီးဆုံးသွားပြီဖြစ်တဲ့ ကစားသမားတွေ ဒါမှမဟုတ် ပလေးအော့ဖ် (play-off) ပွဲစဉ်တွေ ကစားဖို့မရှိတဲ့ ကစားသမားတွေကို အဓိကထား ရွေးချယ်ထားတာဖြစ်ပြီး ဇွန်လမှာ ကစားမယ့် ကာတာ၊ ကနေဒါတို့နဲ့ ပွဲစဉ်တွေအတွက်တော့ လူစာရင်းကို သီးခြား ထပ်မံထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

အဒါရာမိုလာဟာ အီးအက်ဖ်အယ်လ် (EFL) လိဂ်မှာ အငှားထွက်ကစားရင်း ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး လေတန်အိုရီးရန့်အသင်းမှာ ကစားခဲ့သလို နောက်ပိုင်းမှာ ရှက်ဖီးဝင်းစ်ဒေးအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားတစ်ဦး ဖြစ်လာခဲ့တာကြောင့် အခုလို လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်-နိုင်ဂျီးရီးယားနွယ်ဖွားဖြစ်တဲ့ အဒါရာမိုလာဟာ ၂၀၂၀ ခုနှစ်မှာ ပထမဆုံး ကြေးစားကစားသမားစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာတော့ စီနီယာအသင်းအတွက် ပထမဆုံးအကြိမ် စတင်ပွဲထွက် ကစားပေးခဲ့သူ ဖြစ်ပါတယ်။