မြောက်အိုင်ယာလန်နဲ့ပွဲက နည်းပြဘဝတစ်လျှောက် အရေးအကြီးဆုံးပွဲဖြစ်တယ်လို့ ဂတ်တူဆိုပြောကြား
အီတလီနည်းပြ ဂန်နာရိုဂတ်တူဆိုက ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ မြောက်အိုင်ယာလန်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲဟာ နည်းပြသက်တမ်းတစ်လျှောက် အရေးကြီးဆုံးပွဲ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဂတ်တူဆိုက "ပထမဆုံးနေ့ကတည်းက ဖိအားတွေကို ကျွန်တော် ခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၇ လလုံးလုံး 'ကျွန်တော်တို့ကို ကမ္ဘာ့ဖလားဆီ ခေါ်ဆောင်သွားပေးပါ' ဆိုတဲ့ စကားသံတွေကိုပဲ ကြားနေခဲ့ရတာပါ။ ဒါဟာ ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံးပွဲပါပဲ။ ၂၀၀၆ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်ရရင်တော့ အခုခံစားနေရတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ယှဉ်ရင် ဘာမှကို နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်တော်တို့ ကောင်းကောင်း ပြင်ဆင်ထားပြီးပါပြီ၊ အခြေအနေတွေ ဆိုးရွားသွားနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်မစဉ်းစားချင်ပါဘူး။ အစွမ်းကုန် ကြိုးစားကစားသွားမှာပါ။ အတွေ့အကြုံက အရေးကြီးပေမယ့် ပြိုင်ဘက်ရဲ့ အားသာချက်တွေဖြစ်တဲ့ တစ်ဦးချင်း ယှဉ်ပြိုင်မှုတွေနဲ second balls တွေအပေါ်မှာ ဂရုတစိုက်နဲ့ အကောင်းဆုံး တောင့်ခံသွားဖို့ လိုအပ်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ဂတ်တူဆိုက"အခုခေတ် ကစားသမားတွေက အသိဉာဏ် မြင့်မားကြပြီး ပြိုင်ဘက်တွေအကြောင်းကိုလည်း ကောင်းကောင်း သိထားကြပါတယ်။ ကျွန်တော်တို့က အန္တရာယ်ကို ကြိုတင်သိမြင်ပြီး ပြင်ဆင်ထားရပါမယ်။ သူတို့က ဘောလုံးတိုင်းကို အစွမ်းကုန် ယုံကြည်ချက်ရှိရှိ ကစားတတ်ကြလို့ ကျွန်တော်တို့ဘက်က အသင့်ဖြစ်နေဖို့ လိုပါတယ်။ အိပ်စက်မှုနဲ့ ပတ်သက်ရင်တော့ ဆရာဝန်တွေကို ကျေးဇူးတင်ရမှာပါ၊ သူတို့ပေးတဲ့ အိပ်ဆေးလေးတွေကြောင့် အဆင်ပြေခဲ့ပါတယ်၊ မဟုတ်ရင်တော့ လင်းနို့တစ်ကောင်လို မနက် ၄ နာရီခွဲလောက်ဆို မျက်လုံးက အလိုလိုပွင့်နေတော့မှာပါ" လိုု ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အီတလီနဲ့ မြောက်အိုင်ယာလန်ပွဲက အနိုင်ရတဲ့အသင်းဟာ မတ်လ ၃၁ ရက်နေ့မှာ ဝေးလ်-ဘော့စနီးယားပွဲက အနိုင်ရသူနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သူ ဖြစ်လာဖို့ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။