ဒဏ်ရာရနေစဉ် အီတလီမှာ အပန်းဖြေခရီးထွက်ခဲ့တဲ့ အမ်ဘာပေကို အာဘီလိုအာ ကာကွယ်ပြောဆို
ရီးရဲလ်မက်ဒရစ်နည်းပြ အာဘီလိုအာက ဒဏ်ရာရရှိနေတဲ့အချိန်အတွင်း ဆာဒီနီယားကျွန်းကို အပန်းဖြေခရီးထွက်ခဲ့တဲ့ အမ်ဘာပေဘက်ကနေ မားမားမတ်မတ် ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။
ရီးရဲလ်ဘက်တစ်နဲ့ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့ပြီးနောက် ပြင်သစ်တိုက်စစ်မှူးဟာ အက်စပန်ညိုကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
အက်စပန်ညိုကို အနိုင်ရခဲ့ပေမဲ့ အာဘီလိုအာရဲ့အသင်းဟာ ဇယားထိပ်က ဘာစီလိုနာနဲ့ ၁၁ မှတ်အထိ ကွာဟနေပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ သူတို့နှစ်သင်း ထိပ်တိုက်တွေ့ဆုံကြမှာဖြစ်ပြီး အဲ့ဒီပွဲကိုလည်း အမ်ဘာပေ လွဲချော်ဖို့ ရှိနေပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ အာဘီလိုအာဟာ အမ်ဘာပေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရပါတယ်။ အမ်ဘာပေဟာ အသင်းကိုလာရောက်အားပေးဖို့ RCDE အားကစားကွင်းမှာ ရှိမနေခဲ့တဲ့အတွက် မီဒီယာတွေရဲ့ ဝေဖန်မှုကို ခံနေရတာပါ။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ကွင်းထဲကိုလာမယ့်အစား သူ့ရဲ့ချစ်သူနဲ့အတူ အီတလီကျွန်းကို ခရီးထွက်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်အပေါ် အာဘီလိုအာက ဘာပြဿနာမှမရှိဘူးလို့ ယူဆထားပါတယ်။
"ဒဏ်ရာရနေတဲ့ ကစားသမားတွေနဲ့ပတ်သက်တဲ့ အစီအစဉ်မှန်သမျှကို ရီးရဲလ်မက်ဒရစ်ရဲ့ ဆေးအဖွဲ့ကပဲ အမြဲတမ်း ကြီးကြပ်ပေးပါတယ်။ ဗယ်ဒီဘီဘတ်စ် (လေ့ကျင့်ရေးကွင်း) ကို ဘယ်အချိန်လာရမယ်၊ ဘယ်အချိန် မလာရဘူးဆိုတာကို သူတို့ကပဲ ဆုံးဖြတ်တာပါ"
"သူ့ရဲ့ အားလပ်ချိန်မှာတော့ အခြားကစားသမားတွေလိုပဲ အမ်ဘာပေအနေနဲ့ သူလုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိပါတယ်" လို့ အာဘီလိုအာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၆ ကြိမ်မှာ ၅ ကြိမ်အထိ ရှုံးနိမ့်ထားတဲ့ မက်ဒရစ်အတွက် အခုလို အမ်ဘာပေမပါဝင်နိုင်တဲ့အချိန်မှာ ခါးသီးတဲ့ပြိုင်ဘက်ကို အနိုင်ရဖို့ အခွင့်အရေးက နည်းပါးနေပါတယ်။
အမ်ဘာပေဟာ တံကောက်ကြောဒဏ်ရာကြောင့် အက်စပန်ညိုနဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပေမဲ့ ဒဏ်ရာက သိပ်မပြင်းထန်ဘူးလို့ သတင်းတွေက ဆိုပါတယ်။ မက်ဒရစ်အနေနဲ့ ချန်ပီယံမျှော်လင့်ချက်ကို ဆက်ထိန်းထားချင်တာကြောင့် အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာစီလိုနာနဲ့ပွဲမှာ ပြန်ပါဝင်လာနိုင်ခြေလည်း ရှိနေပါတယ်။
အမ်ဘာပေဟာ ဒီရာသီ မက်ဒရစ်အတွက် ၄၁ ပွဲကစားပေးထားရာမှာ ၄၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ သူဟာ ဒီရာသီမှာ လိဂ်ဖလားရော၊ ချန်ပီယံလိဂ်ဖလားပါ ရရှိဖို့ မရှိတော့တာကြောင့် စိတ်ပျက်စရာရာသီတစ်ခု ဖြစ်ခဲ့ရပါတယ်။