အာဆင်နယ်အသင်းဟာ ချန်ပီယံဖြစ်မယ့်အသင်းမျိုးလို မကစားတတ်ဘူးလို့ ပဲနန့် ဝေဖန်
အာဆင်နယ်တောင်ပံကစားသမားဟောင်း ဂျာမိန်းပဲနန့်က သူ့ရဲ့အသင်းဟောင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ ကစားမနေဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်ဟာ မန်စီးတီးထက် တစ်ပွဲပိုကစားထားပေမဲ့ ဇယားထိပ်မှာ ၃ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်ပိတ်ရက်မှာ မန်စီးတီးမကစားခင် ဖူလ်ဟမ်အသင်းကိုသာ အနိုင်ရခဲ့ရင် အာဆင်နယ်ဟာ ၆ မှတ်အထိ ဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။
စနေနေ့က အာဆင်နယ်ရဲ့ခြေစွမ်းအပေါ် အထင်ကြီးမိသလားလို့ မေးမြန်းရာမှာတော့ ပဲနန့်က BetBrain ကိုယ်စားပြုအနေနဲ့ Tribalfootball.com ကို အခုလိုပဲ ဖြေကြားခဲ့ပါတယ်။
"သိပ်တော့ အထင်မကြီးမိပါဘူး။ တကယ်လို့သာ အဲဒီထောင့်ကန်ဘောကနေ ဂိုးမရခဲ့ရင် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကျွန်တော်မသိဘူး။ သူတို့ သုံးကြိမ်လောက် ကြိုးစားခဲ့ပြီးမှ တတိယအကြိမ်မှာ ဂိုးရခဲ့တာပါ။ အဲဒီဂိုးသာ မရခဲ့ရင် သူတို့ ဂိုးသွင်းနိုင်မယ်လို့ ကျွန်တော်မမြင်မိဘူး။ အဲဒါကလည်း ကိုယ့်အိမ်ကွင်းမှာ ကစားနေတာဖြစ်သလို လက်ရှိမှာ ခြေစွမ်းတွေကျပြီး အခြေအနေပျက်နေတဲ့ နယူးကာဆယ်အသင်းနဲ့ ကစားနေတာပါ။ ကျွန်တော်ကတော့ ၃ ဂိုးပြတ်လောက်နဲ့ အေးဆေးနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာ။
အခုဆိုရင် မန်စီးတီးက သူတို့နောက်ကို ကပ်လိုက်နေပြီဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ မန်စီးတီးက သူတို့ပွဲကိုသာ နိုင်ရင် ဇယားထိပ်ကို ပြန်ရောက်သွားမှာပါ။ တကယ်တော့ ဖိအားတွေက အာဆင်နယ်အပေါ်ကို တော်တော်လေး သက်ရောက်နေပြီး အဲဒီအချက်ကို သူတို့ရဲ့ ကစားပုံတွေမှာ မြင်နေရပါတယ်" လို့ ပဲနန့်က ဆိုပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဒီတစ်ပတ်မှာ ၆ မှတ်အထိ ဖြတ်နိုင်မယ့် အခွင့်အရေးနဲ့ ပတ်သက်ပြီး ပဲနန့်က "ဒါက တကယ်ကို ခက်ခဲတဲ့ အခြေအနေပါ။ အာဆင်နယ်ရဲ့ လက်ကျန်ပွဲစဉ်တွေက မန်စီးတီးနဲ့ ယှဉ်ရင် ပိုပြီးတော့ အခွင့်အရေးသာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ လက်ရှိ ဘယ်လိုကစားနေလဲဆိုတာကို နှိုင်းယှဉ်ကြည့်ရအောင်။ မန်စီးတီးကတော့ ရာသီတိုင်းမှာ လုပ်နေကျအတိုင်း သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေပါပြီ။
ရာသီကုန်ဖို့ နောက်ဆုံး ၁၀ ပွဲလောက်ဆိုရင် မန်စီးတီးက စက်ရုပ်တွေလိုမျိုး ဖြစ်သွားပြီး တောက်လျှောက်ကို အနိုင်ရအောင် ကစားတတ်ကြတယ်။ အာဆင်နယ်ကလည်း အခု အဲဒီလိုပဲ အနိုင်ရအောင် ကစားနေပေမဲ့ ပုံစံကောင်းနဲ့ နိုင်နေတာမျိုးမဟုတ်ဘဲ ရုန်းကန်ပြီး ကပ်နိုင်နေတာပါ။ သူတို့အတွက် အေးအေးဆေးဆေးဖြစ်မနေဘဲ မနိုင်နိုင်အောင် ခက်ခဲစွာ ကစားနေရတာမျိုးပါ" လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။