The network connection is lost.

Banner Image

နယူးကာဆယ်မှာ ဗော်တမာဒါရဲ့ ခြေစွမ်းက မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းတယ်လို့ လေမန်း အခိုင်အမာဆို

အာဆင်နယ် ဂိုးသမားဟောင်း ဂျန့်စ်လေမန်းက နယူးကာဆယ်အသင်းအနေနဲ့ ဗော်တမာဒါရဲ့ ပထမဆုံးရာသီ ခြေစွမ်းအပေါ် ကျေနပ်အားရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဗော်တမာဒါဟာ နောက်ပိုင်းပွဲစဉ်တွေမှာ အရန်ခုံပေါ် ပြန်ရောက်နေပေမဲ့ Stuttgart အသင်းကနေ နွေရာသီမှာ ပြောင်းရွှေ့လာခဲ့တဲ့ ဒီကစားသမားဟာ မျှော်လင့်ထားတာထက် ပိုပြီး စွမ်းဆောင်နိုင်ခဲ့တယ်လို့ လူမျိုးတူ ဂျာမနီနိုင်ငံသား လေမန်းက ဆိုပါတယ်။

သူက talkSPORT ကို အခုလို ပြောခဲ့တာပါ။ "ရာသီအစမှာ သူပြသခဲ့တဲ့ ခြေစွမ်းက ကျွန်တော် တကယ်မျှော်လင့်ထားတာထက်တောင် ပိုပြီး ကောင်းမွန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်အားဖြင့် ကစားပုံနည်းနည်းနှေးတဲ့ လိဂ်ကနေ ပရီးမီးယားလိဂ်ကို ရောက်လာတဲ့အခါ အသားကျဖို့ အချိန်ယူရလေ့ရှိပါတယ်။ ပုံမှန်ဆိုရင် ၃ လ၊ ၄ လ ဒါမှမဟုတ် ၅ လလောက်အထိ အချိန်ပေးရတတ်တာပါ။ ဒါပေမဲ့ သူကတော့ ရာသီအစကတည်းက တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။"

"အခုတော့ သူက လူငယ်ကစားသမားဖြစ်တာကြောင့် အနည်းငယ် ပြန်နားဖို့ လိုနေတာလည်း ဖြစ်နိုင်သလို၊ သူ့ရဲ့ ကြံ့ခိုင်မှု အသေးစိတ် အခြေအနေတွေကိုလည်း ကျွန်တော်တို့ မသိနိုင်တာကြောင့် ဒါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဂျာမနီအသင်းအတွက်ဆိုရင်တော့ (ကမ္ဘာ့ဖလားမတိုင်ခင်) သူ အခုထက် ပိုကောင်းလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ လူငယ်ကစားသမားတစ်ယောက်အတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံး ရာသီပတ်လုံး ခြေစွမ်းအခုလို တည်ငြိမ်နေဖို့၊ ပွဲတိုင်းမှာ ခြေစွမ်းပြနိုင်ဖို့ဆိုတာက မလွယ်ကူသလို အခုလိုမျိုး ဖြစ်နေတာကလည်း သဘာဝပါပဲ" လို့ လေမန်းက ပြောကြားသွားခဲ့ပါတယ်။