ကိုဗင်ထရီမှာ အဆင်ပြေနေတဲ့ လမ်းပတ်ကို ချဲလ်ဆီးသို့ပြန်မသွားဖို့ ဂျိုကိုးလ်တိုက်တွန်း
ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျိုးကိုးလ်က ဖရန့်လမ်းပတ်အနေနဲ့ အနောက်လန်ဒန် (ချဲလ်ဆီး) ဆီ ပြန်မလာဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က နည်းပြ လီယမ် ရိုစီနီယာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ချဲလ်ဆီးဘုတ်အဖွဲ့ဟာ ရာသီသစ်မစတင်မီ နည်းပြသစ်တစ်ယောက် ခန့်အပ်နိုင်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းမှန်သမျှကို စဉ်းစားသုံးသပ်နေပါတယ်။
ကိုဗင်ထရီအသင်းနဲ့အတူ ချန်ပီယံရှစ်ဖလားကို အခုလေးတင် မြှောက်နိုင်ခဲ့တဲ့ လမ်းပတ်ဟာ အသင်းဟောင်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပြီး ချဲလ်ဆီးနည်းပြရာထူးအတွက် နာမည်ထွက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ကိုဗင်ထရီအသင်းဟာ ပရီမီယံလိဂ် တန်းတက်ခွင့်ရရှိပြီးကတည်းက ချန်ပီယံရှစ်မှာ ခြေစွမ်းပြနေဆဲဖြစ်ပြီး ၈ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ လမ်းပတ်နဲ့ ချဲလ်ဆီး သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေတဲ့အပေါ် ဂျိုးကိုးလ်ကတော့ သူ့ရဲ့အသင်းဖော်ဟောင်းအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမှ ချဲလ်ဆီးကို ပြန်မသွားသင့်ဘူးလို့ ယူဆနေပါတယ်။
"ဖရန့်အနေနဲ့ အဲဒီကိစ္စကို ဝေးဝေးက ရှောင်သင့်ပါတယ်။ သူက အသင်းကို အရမ်းချစ်တဲ့သူဆိုတော့ ပြန်သွားပြီး နောက်တစ်ကြိမ် ကြိုးစားကြည့်ချင်တဲ့ စိတ်ဆန္ဒမျိုး ရှိနေမှာ အမှန်ပါပဲ။ ဒါပေမဲ့ မလုပ်သင့်ဘူး။"
"သူ ကိုဗင်ထရီမှာ တကယ်ကို အံ့ဩစရာကောင်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ရာသီအစတုန်းက ကိုဗင်ထရီကို အခုလို တန်းတက်လာမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူးလေ။ လာမယ့်ရာသီမှာ သူတို့ကို ပရီမီယံလိဂ်မှာ ဆက်ရှိနေအောင် လုပ်ဖို့က တကယ့်စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာမှာပါ။ အခုချိန်မှာ သူ အာရုံစိုက်ရမှာက ကစားသမားသစ် ခေါ်ယူရေးပဲ ဖြစ်သင့်တယ်။ သူ (ကိုဗင်ထရီအတွက်) လိုချင်တဲ့ ကစားသမား ၅ ယောက်၊ ၆ ယောက်၊ ၇ ယောက်လောက်ကို ရွေးချယ်ရှာဖွေနေရမယ့် အချိန်ပါ။"
"ကျွန်တော်သာ သူ့နေရာမှာဆိုရင် ချဲလ်ဆီးကို ပြန်မသွားဘူး။ ဘယ်အလုပ်မှာမဆို ကိုယ့်ရဲ့ရလဒ်တွေပေါ်မှာပဲ ဆုံးဖြတ်ခံရတာ မှန်ပေမဲ့ (ချဲလ်ဆီးမှာကျတော့) ကိုယ်လုပ်ချင်တာကို ကိုယ်တိုင် အပြည့်အဝ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အဲဒါက တကယ့်ကို ရူးသွပ်စရာပဲ။" လို့ ဂျိုးကိုးလ်က ဆိုပါတယ်။
ဒီရာသီအစောပိုင်းမှာ အန်ဇို မာရက်စကာရဲ့ နေရာမှာ အစားထိုးဝင်ရောက်ခဲ့တဲ့ ရိုစီနီယာဟာ သုံးလခွဲအကြာမှာပဲ ချဲလ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ဒီနည်းပြရာထူးဟာ ဘယ်သူပဲလာလာ အဆင်မပြေဖြစ်နေတဲ့ ကျိန်စာသင့်နေတဲ့ နေရာတစ်ခုလိုတောင် ဖြစ်နေပါတယ်။