ပရီးမီးယားလိဂ်မှတန်းဆင်းသွားရကြောင်း အတည်ပြုချက် ထုတ်ပြန်လာတဲ့ ဘန်လေ
ဗုဒ္ဓဟူးနေ့ညက ရလဒ်တွေအရ တန်းဆင်းသွားရတာ အတည်ဖြစ်သွားပြီးနောက်မှာ ဘန်လေအသင်းက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အိမ်ကွင်းမှာ မန်စီးတီးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘန်လေအသင်းဟာ တန်းမဆင်းရအောင် ရုန်းကန်နိုင်မယ့် အခွင့်အရေး မရှိတော့တာပါ။
အဲဒီနောက်မှာ ဘန်လေအသင်းက ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပြီး "အခုလို ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတာဟာ ဘန်လေဘောလုံးအသင်းနဲ့ ပတ်သက်ဆက်နွှယ်နေသူတိုင်းအတွက် ခက်ခဲတဲ့ ရာသီတစ်ခုရဲ့ အကျိုးဆက်ပါပဲ။ ကမ္ဘာ့အဆင့်အမြင့်ဆုံးလိဂ်မှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ကျွန်တော်တို့ ရာသီစကတည်းက ကောင်းကောင်းသိထားပြီးသားပါ။ အခုလို ရလဒ်မျိုးကိုတော့ အသင်းနဲ့ ပတ်သက်သူ တစ်ယောက်မှ မဖြစ်စေချင်ခဲ့ပါဘူး။
ဒီရာသီမှာ အသင်းရဲ့ အစိတ်အပိုင်းတိုင်းကို စမ်းသပ်မယ့် အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ စံနှုန်းတွေကို ပြသနိုင်ခဲ့တဲ့ အခြေအနေတွေနဲ့ တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးနဲ့ တည်ငြိမ်မှုပိုင်းမှာ ကျွန်တော်တို့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ အခြေအနေကောင်းချိန်မှာရော ခက်ခဲချိန်မှာပါ အိမ်ကွင်း၊ အဝေးကွင်းမရွေး အမြဲတမ်း အတူရှိပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်လိုပါတယ်။ အဲဒီလို အစဉ်တစိုက် အားပေးမှုတွေဟာ ကျွန်တော်တို့ လုပ်ဆောင်သမျှ အရာတိုင်းအတွက် အခြေခံအကျဆုံးပါပဲ။
ဘန်လေဘောလုံးအသင်းမှာ ၁၄၄ နှစ်ဆိုတဲ့ သမိုင်းကြောင်းရှိပါတယ်။ အသင်းကို ရာသီတစ်ခုတည်းနဲ့ တန်ဖိုးဖြတ်လို့ မရပါဘူး၊ အခက်အခဲတွေကို ဘယ်လိုတုံ့ပြန်ပြီး ရှေ့ဆက်မလဲဆိုတာကသာ အသင်းရဲ့ သမိုင်းကြောင်းကို ဖော်ပြနေတာပါ" လို့ ရေးသားဖော်ပြထားပါတယ်။