ကန်ဆယ်လိုကို အပြီးသတ်ခေါ်ယူဖို့ ဆုံးဖြတ်ထားတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းကစားသမားတွေက အသင်းမှာ အငှားနဲ့လာကစားနေတဲ့ ကြယ်ပွင့်ကစားသမား ဂျော်အာကန်ဆယ်လိုကို အပြီးသတ်ခေါ်ယူဖို့ အသင်းကို တိုက်တွန်းနေကြတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အယ်လ်ဟီလယ်အသင်းကတော့ ဒီအပြောင်းအရွှေ့ကို လွယ်လွယ်ကူကူနဲ့ ခွင့်ပြုမှာ မဟုတ်ပါဘူး။
အသက် ၃၁ နှစ်အရွယ် ကန်ဆယ်လိုဟာ ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းဆီ ဒုတိယအကြိမ်မြောက် အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားပေးထားပြီး ဖြစ်ပါတယ်။
စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Sport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေက လာမယ့်နွေရာသီမှာ ကန်ဆယ်လိုကို အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ အသင်းကို တိုက်တွန်းနေကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဘာစီလိုနာရဲ့ လက်ရှိကြုံတွေ့နေရတဲ့ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် ဒီအပြောင်းအရွှေ့က ခက်ခဲနိုင်ပါတယ်။ ဘာစီလိုနာဘက်ကတော့ ကန်ဆယ်လိုကိုယ်တိုင်ပဲ အယ်လ်ဟီလယ်နဲ့ ချုပ်ဆိုထားတဲ့ သူ့ရဲ့စာချုပ်ကို လျော်ကြေးပေးဖျက်သိမ်းဖို့အထိ မျှော်လင့်နေတာပါ။
တစ်ဖက်မှာလည်း အယ်လ်ဟီလယ်အသင်းဟာ ကန်ဆယ်လိုကို မန်စီးတီးကနေ စတင်ခေါ်ယူခဲ့စဉ်က ပေးချေရန်ကျန်ရှိနေတဲ့ ယူရို ၈ သန်းကို ဆက်လက်ပေးချေဖို့ ရှိနေသေးတာကြောင့် ဒီအပြောင်းအရွှေ့ကို သဘောတူခွင့်ပြုပေးဖို့ အခွင့်အလမ်း နည်းပါးနေပါတယ်။