ဘာစီလိုနာကို ချစ်လွန်းလို့ လစာလျှော့ဖို့ အဆင်သင့်ပဲလို့ ပြောလိုက်တဲ့ ကန်ဆယ်လို
ဂျာအို ကန်ဆယ်လိုက ဘာစီလိုနာအသင်းမှာ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် သူ့ရဲ့လစာကို အများကြီးလျှော့ချဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ ပေါ်တူဂီ နောက်ခံလူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အယ်လ်ဟီလာအသင်းဆီကနေ ဘာစီလိုနာကို အငှားနဲ့ လာရောက်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီကလပ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၁၈ လအောက်ပဲ ကျန်တော့တာကြောင့် ကန်ဆယ်လိုနဲ့ ဘာစီလိုနာတို့ဟာ ဒီနွေရာသီမှာ အပြီးသတ် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ စိတ်အားထက်သန်နေကြပါတယ်။
အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ဆိုရင် ဝါရင့်ကစားသမားဖြစ်သူ ကန်ဆယ်လိုအနေနဲ့ အယ်လ်ဟီလာမှာ ရနေတဲ့ လစာပမာဏကို အများကြီးလျှော့ချရမှာဖြစ်ပြီး သူက Canal 11 နဲ့ အင်တာဗျူးမှာ "ကျွန်တော် မျှော်လင့်ထားတာထက်တောင် ပိုပြီးဝင်ငွေရခဲ့ပါပြီ။ ဒါပေမဲ့ ဘင်ဖီကာမှာ ကစားတာပဲဖြစ်ဖြစ်၊ ဘာစီလိုနာမှာ ကစားတာပဲဖြစ်ဖြစ် ဒါဟာ အချစ်အတွက်ပါပဲ။ ဒါကြောင့် ကျွန်တော့်ရဲ့ လစာကို လျှော့ချသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဘက်ကတော့ အသက် ၃၂ နှစ်အရွယ် ကန်ဆယ်လိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ပေးဖို့ အယ်လ်ဟီလာကို တိုက်တွန်းနေပေမဲ့ ဆော်ဒီကလပ်ဘက်ကတော့ ဒီရာသီကုန်မှာ ကန်ဆယ်လို ဆက်ရှိနေနိုင်ဖို့အတွက် ယူရို ၁၀ သန်းကနေ ၁၅ သန်းဝန်းကျင်အထိ တောင်းဆိုနေတယ်လို့ သိရပါတယ်။