The network connection is lost.

Banner Image

ဘာစီလိုနာကစားသမားဘ၀ကို အိပ်မက်ဆန်တဲ့ကိစ္စတစ်ခုလို့ တင်စားလိုက်တဲ့ ကန်ဆယ်လို

အခုသီတင်းပတ်အတွင်း ဘာစီလိုနာဆီ တရားဝင်ပြောင်းရွှေ့လာတဲ့ ကန်ဆယ်လိုက သူ့ရဲ့အပြောင်းအရွှေ့ကို အိပ်မက်ဆန်တဲ့ကိစ္စတစ်ခုလို့ ဖွင့်ဟလိုက်ပါတယ်။

ကန်ဆယ်လိုက အခုလမကုန်ခင် အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ လစာငွေအမြောက်အများ လျှော့ချပြီး ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်မှ ကတ္တလန်အခြေစိုက်ကလပ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပါတယ်။

ဒါက မန်စီးတီးကြယ်ပွင့်ဟောင်းအတွက် ၂၀၂၃-၂၀၂၄ နဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီတွေက အငှားကစာသမားအဖြစ် လာရောက်ကစားခဲ့ပြီးနောက် ကာတာလန်ကလပ်မှာ တတိယအကြိမ်မြောက် ပါဝင်ကစားရခြင်း ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ လာလီဂါချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရည်မှန်းချက်ကို တကျော့ပြန်ကူညီပေးနိုင်ဖို့ ရည်မှန်းထားပါလိမ့်မယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားက နည်းပြဟန်စီဖလစ်ခ်ရဲ့လက်အောက်မှာ ဘယ်နောက်ခံလူနေရာအတွက် ပထမဦးစားပေးအဖြစ် ရာသီသစ်စတင်ဖို့ မျှော်လင့်ထားပြီး လာမယ့်တနင်္ဂနွေနေ့၊ အယ်လ်ချီအသင်းနဲ့ရင်ဆိုင်ရမယ့် ရာသီအဖွင့်ပွဲစဉ်မှာ ပါဝင်ကစားသွားဖွယ် ရှိပါတယ်။

ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ ကန်ဆယ်လိုက အသက် ၃၂ နှစ်အရွယ်မှာ အိပ်မက်တစ်ခု လက်တွေ့ဖြစ်မြောက်လာခဲ့တယ်လို့ တင်စားလိုက်ပြီး သူကိုယ်တိုင်လည်း အသင်းဖော်ဟောင်းရိုဒရီနဲ့ ပြန်လည်ဆုံဆည်းသွားရဖို့ ရှိနေပါတယ်။

"ဒါ ကျွန်တော့်ရဲ့အိပ်မက်ပါ။ ကျွန်တော်ရှိနေချင်တဲ့ နေရာဖြစ်လို့ အလွန်ပဲ ပျော်ရွှင်မိပါတယ်။ ကလပ်အသင်းကို သဘောကျသလို ဒီအသင်းနဲ့လည်း အသားကျပါတယ်။ ဒီမှာ ချစ်ခြင်းမေတ္တာတွေ ရရှိတယ်လို့ ခံစားရပြီး ကလပ်အသင်းအတွက် အရာရာတိုင်းပေးဆပ်သွားမယ်လို့ ကတိပြုပါတယ်။ ရာသီကုန်မှာရည်မှန်းချက်တွေ အောင်မြင်စေဖို့ ကူညီပေးချင်ပါတယ်" လို့ နောက်ခံလူက ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ကန်ဆယ်လိုက "ရိုဒရီက ကျွန်တော့်အတွက် တွဲဖက်ကစားခဲ့ဖူးသမျှ အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်ပါတယ်။ သူက အရာရာတိုင်း သယ်ဆောင်လာပေးနိုင်ပြီး တကယ့်ကိုထူးချွန်သူဖြစ်သလို ကျွန်တော်လည်း သူနဲ့ အဆင်ပြေပါတယ်။ သူက ကျွန်တော်တို့ရဲ့ အောင်မြင်မှုအတွက် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်"လို့ ဆိုပါတယ်။

အခုတော့ ချန်ပီယံဆုကာကွယ်ဖို့ ရေပန်းစားနေပြီး ယခင်ထက် ပိုမိုတောင့်တင်းတဲ့ ပုံစံမျိုးဖြင့် ရာသီသစ်ကို ဖြတ်သန်းတော့မယ့် စပိန်ထိပ်သီးကလပ်ဆီ ပြောင်းရွှေ့ခဲ့ကြတဲ့ ရိုဒရီ၊ ဂေါ်ဒွန်နဲ့ အဒီယီမီတို့ရဲ့လမ်းစဉ်အတိုင်း ကန်ဆယ်လိုလည်း လျှောက်လှမ်းလာခဲ့ပါပြီ။