The network connection is lost.

Banner Image

ယူနိုက်တက်ချန်ပီယံလိဂ်ဝင်ခွင့်ရပါက လုပ်ခလစာတိုးမြင့်သွားမယ့် အိုနာနာ

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လမ်းကြောင်းပေါ် ရောက်နေတာကြောင့် အိုနာနာရဲ့ လစာတွေလည်း ပြန်တက်လာတော့မယ့် အခြေအနေရှိနေပါတယ်။ အောက်တိုဘာ ၄ ရက်နေ့က ဆန်းဒါးလန်းကို အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲဦးထွက်ကတည်းက အိုနာနာရဲ့နေရာမှာ အစားထိုးဝင်ကစားခဲ့တဲ့ ဆန်နီလမ်မန်းစ်ဟာ ယူနိုက်တက်ရဲ့ ဂိုးပေါက်မှာ အဓိကကစားသမားအဖြစ် အမြဲတမ်း ပါဝင်နေခဲ့တာပါ။

ယာယီနည်းပြ မိုက်ကယ်ကားရစ်လက်ထက်မှာ ဒီဘယ်လ်ဂျီယံဂိုးသမားလေးက အားကိုးရတဲ့ခြေစွမ်းမျိုး ပြသနေတာကြောင့် စက်တင်ဘာလမှာ တူရကီကလပ် ထရပ်ဇွန်စပေါ်အသင်းဆီ တစ်ရာသီအငှားနဲ့ သွားကစားနေတဲ့ အိုနာနာအနေနဲ့ သူ့နေရာကို ပြန်ရဖို့ မလွယ်တော့ပါဘူး။ အိုနာနာဟာ ရာသီအစပိုင်းက ခြေစွမ်းမတည်ငြိမ်ခဲ့သလို ယူနိုက်တက်အသင်း ဥရောပဝင်ခွင့်မရခဲ့တာကြောင့် တစ်ပတ်လုပ်ခဟာ ပေါင် ၁ သိန်း ၇ သောင်းကနေ ၁ သိန်း ၂ သောင်းအထိ လျော့ကျသွားခဲ့ပေမဲ့ အခုတော့ ပြန်တက်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယူနိုက်တက်သာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် သူ့ရဲ့လစာဟာ မူလပမာဏအတိုင်း ပြန်ဖြစ်သွားမှာပါ။ လက်ရှိမှာ ကားရစ်ရဲ့အသင်းက အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ က လီဗာပူးထက် ၆ မှတ်တောင် သာနေတာကြောင့် ချန်ပီယံလိဂ်ဝင်ဖို့ကတော့ သေချာသလောက် ရှိနေပါပြီ။ ဒီလို လစာတိုးလာတာကြောင့် အသင်းမှာရသင့်တာထက် ပိုရနေတဲ့ ဒီကင်မရွန်းဂိုးသမားကို နွေရာသီမှာ တခြားအသင်းတွေက စိတ်ဝင်စားမှုနည်းသွားနိုင်ပြီး ရောင်းထုတ်ဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်အတွက် အခက်တွေ့စေမှာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အိုနာနာကတော့ အငှားသက်တမ်းကုန်ဆုံးမယ့် မေလမှာ ယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမားနေရာကို ပြန်ယူချင်နေပေမဲ့ အသင်းဘက်ကတော့ လာမယ့်ရာသီမှာ လမ်းမန့်စ်ကိုပဲ အားကိုးဖို့ ယုံကြည်ချက်အပြည့် ရှိနေပါတယ်။ အိုနာနာဟာ ၂၀၂၃ ခုနှစ် နည်းပြဟောင်း အဲရစ်တန်ဟတ်လက်ထက်မှာ အင်တာမီလန်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ စာချုပ်သက်တမ်း ၂ နှစ် ကျန်သေးပေမဲ့ ဒီနွေရာသီမှာတော့ အသင်းကနေ ထွက်ခွာရဖို့ များနေပါတယ်။