အန်ဒရေ အိုနာနာကို အသင်းမှာ ဆက်နေဖို့ ထရက်ဇွန်စပေါ ဥက္ကဋ္ဌ တောင်းဆို
ထရက်ဇွန်စပေါ် ဥက္ကဋ္ဌ အာတူဂရူ ဒိုဂန်က မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဂိုးသမား အန်ဒရေ အိုနာနာကို အသင်းမှာ ဆက်ရှိနေစေဖို့အတွက် လူသိရှင်ကြား တောင်းဆိုလိုက်ပါတယ်။
အသက် ၃၀ အရွယ် အိုနာနာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်တွေမှာ ဆန်းလန်းမန်းစ် ရောက်ရှိလာပြီးနောက် အသင်းကနေ အငှားနဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ထရက်ဇွန်စပေါ်ကို ရောက်ရှိလာပြီးနောက်ပိုင်း အိုနာနာဟာ ခြေစွမ်းနဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဧပြီ ၂၃ ရက်) က ဆမ်ဆန်စပေါ်ကို အနိုင်ရခဲ့တဲ့ တူရကီဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီ ၃ လုံးအထိ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်အပြီး တူရကီသတင်းဌာနတစ်ခုဖြစ်တဲ့ NTV Spor နဲ့ တွေ့ဆုံရာမှာ ဥက္ကဋ္ဌ ဒိုဂန်က အိုနာနာကို အသင်းမှာ အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် စဉ်းစားပေးဖို့ တောင်းဆိုခဲ့တာပါ။
“အိုနာနာမှာ သူ့ရဲ့ ကစားသမားဘဝအတွက် ရှင်းလင်းတဲ့ လမ်းကြောင်းရှိပြီးသားပါ။ ကျွန်တော်တို့ သူ့ကို ချစ်ပါတယ်။ အရင်က ပြောခဲ့သလိုပဲ သူ့ရဲ့ ကစားသမားဘဝအတွက် သီးခြားအစီအစဉ်တွေ ရှိပါလိမ့်မယ်။ အခြေအနေတွေသာ အဆင်ပြေမယ်ဆိုရင်တော့ သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ အိုနာနာရဲ့ အပေါ်မှာပဲ မူတည်ပါတယ်” လို့ ဒိုဂန်က ပြောကြားခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းကတော့ လာမယ့်နွေရာသီမှာ အိုနာနာကို အပြီးသတ်ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပေမဲ့ ထရက်ဇွန်စပေါ်အသင်းအနေနဲ့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ လစာကို ပေးချေဖို့ ခက်ခဲနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။