ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဆွီဒင်ကို ပို့ဆောင်ပေးနိုင်ခဲ့မှုကို ဘ၀တလျှောက်လုံး အမှတ်ရသွားပါတော့မယ်လို့ ဆိုလိုက်တဲ့ ယောကရက်စ်
အာဆင်နယ်တိုက်စစ်မှူးယောကရက်စ်က မနေ့ညပိုင်းပွဲစဉ်မှာ ဆွီဒင်အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့မှုကို သူ့ဘဝတစ်လျှောက်လုံး အမှတ်ရနေမယ့် အခိုက်အတန့်အဖြစ် တင်စားပြောဆိုလိုက်ပါတယ်။
ပိုလန်နဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်ပွဲစဉ်ရဲ့ ပွဲချိန် ၈၈ မိနစ်မှာ ယောကရက်စ်က အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ဆွီဒင်အသင်းအတွက် ၃-၂ ဂိုးဆိုတဲ့ အနိုင်ရလဒ်ကို ဖန်တီးပေးခဲ့ပါတယ်။
ပွဲစဉ်အပြီး တိုက်စစ်မှူးက "ခံစားချက်တွေ အများကြီးရှိနေလို့ အဲ့ဒီအချိန်မှာ ခံစားချက်ကို ဘယ်လိုစကားလုံးနဲ့ အတိအကျဖော်ပြရမလဲဆိုတာတောင် မသိတော့ပါဘူး။ ဒါပေမဲ့ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ခံစားချက်ဖြစ်ပြီး ဒါဟာ တစ်သက်လုံး မှတ်မိနေမယ့်အရာပါ" လို့ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောကြားခဲ့ပါတယ်။
ဒီသွင်းဂိုးကို သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အရေးအကြီးဆုံးဂိုးဖြစ်တယ်လို့လည်း အာဆင်နယ်တိုက်စစ်မှူးက အတည်ပြုခဲ့ပါတယ်။
"ဒါပေါ့၊ သေချာတာပေါ့" လို့ ယောကရက်စ်က ဆိုပါတယ်။
"ဂိုးဘယ်လိုဝင်သွားလဲဆိုတာ အသေးစိတ်တော့ သိပ်မမှတ်မိတော့ဘူး။ ကျွန်တော်မှတ်မိတာကတော့ လန်းဂရင်က ညာတောင်ပံမှာ ဘောလုံးရခဲ့ပြီး နောက်ခံလူကို လှလှပပကျော်ဖြတ်ကာ ဆဗင်ဆန်ဆီ ပို့ပေးလိုက်တယ် ထင်ပါတယ်။ ဒီနောက်မှာတော့ ဘာ့ဂျ်ဗောမှတဆင့် ဇီနယ်လီဆီ ဘောလုံးရောက်သွားပြီး အဲ့ဒိမှတဆင့် ဘောလုံးက ဂိုးတိုင်ထိထွက်သွားချိန် ကျွန်တော်က အနားမှာ အသင့်ရှိနေလို့ ဂိုးထဲကန်သွင်းလိုက်ရုံပါပဲ" လို့ ၎င်းက ပြန်ပြောင်းပြောပြခဲ့ပါတယ်။