အင်္ဂလန်စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ ယူနိုက်တက်နောက်ခံလူ ဟဲဗန်
မန်ချက်စတာယူနိုက်တက်နောက်ခံလူ အေဒင်ဟဲဗန်ဟာ ဒီတစ်ပတ်အတွင်းမှာ အင်္ဂလန်စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် အင်္ဂလန်အသင်းဟာ လာမယ့်သီတင်းပတ်အတွင်းမှာ ဥရုဂွေး၊ ဂျပန်အသင်းတို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ရှိနေတာပါ။ နည်းပြ သောမတ်စ်တူချယ်က ဟဲဗန်ကို အင်္ဂလန်ယူ-၂၀ အသင်းကနေ စီနီယာကစားသမားတွေနဲ့အတူ အလုပ်လုပ်နိုင်ဖို့အတွက် ခေါ်ယူခဲ့တာဖြစ်တယ်လို့ Sky Sports က ဖော်ပြထားပါတယ်။
ဟဲဗန်ဟာ အင်္ဂလန်ယူ-၂၀ အသင်းအတွက် (၂) ပွဲ ကစားပေးထားပြီး အာဆင်နယ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်းမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၂၁) ပွဲအထိ ပါဝင်ကစားပေးထားသူလည်း ဖြစ်ပါတယ်။ အခုလို စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ရတာဟာ ဒီရာသီအစောပိုင်းတုန်းက တူချယ်ရဲ့အသင်းမှာ လေ့ကျင့်ခန်းဆင်းခဲ့တဲ့ ယူနိုက်တက်လူငယ်ကစားသမား ရှေးလက်ဆေးရဲ့ခြေရာကို လိုက်ပြီး ဒုတိယမြောက်အဖြစ် ပါဝင်ခွင့်ရလာတာလည်း ဖြစ်ပါတယ်။