ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုစံချိန်သစ်ကိုရရှိသွားတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်အသင်းနဲ့ပွဲမှာ သူ့ရဲ့ (၂၁) ကြိမ်မြောက် ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင် ကစားသမားဖြစ်သူ ဘရူနိုဟာ ပွဲကစားချိန် (၃၃) မိနစ်မှာ ထောင့်ကန်ဘောကနေတစ်ဆင့် အတိအကျ ဖန်တီးပေးခဲ့တာဖြစ်ပြီး အဆိုပါဘောလုံးကို ပက်ထရစ်ဒေါဂူက ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့တာကြောင့် အခုလို သမိုင်းဝင်မှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့တာပါ။
အရင်ကတော့ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို အာဆင်နယ်ဂန္ထဝင် သီယာရီဟင်နရီနဲ့ မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းတို့က အကြိမ် (၂၀) စီနဲ့ ပူးတွဲပိုင်ဆိုင်ထားတာဖြစ်ပြီး ဘရူနိုကတော့ အဲ့ဒီစံချိန်ကို အရင်ကတည်းက အမှီလိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှုကတော့ သူတို့နှစ်ယောက်လုံးကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဖန်တီးမှုအစွမ်းဆောင်နိုင်ဆုံး ကစားသမားအဖြစ် စံချိန်သစ်တစ်ခုကို သတ်မှတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘရူနိုဟာ အခုနှစ်မှာ အံ့အားသင့်စရာကောင်းလောက်အောင် ခြေစွမ်းပြနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ရာသီအကောင်းဆုံး ကစားသမားဆုနဲ့ ဘောလုံးသတင်းထောက်များအဖွဲ့ (FWA) ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေကိုလည်း ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။