အာဆင်နယ် အားကစားဒါရိုက်တာ အဲလစ် (၇) လအကြာမှာ နှုတ်ထွက်
အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဂျိမ်းစ်အဲလစ်က အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။
အဲလစ်ဟာ အရင်က လူသစ်စုဆောင်းရေး အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အသင်းတွင်း ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်မှုတွေကြောင့် ရာထူးတိုးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်းတွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မော်ရီဇီယို မစ်ချယ်လီကို လူသစ်စုဆောင်းရေး အဆင့်မြင့်ရာထူးမှာ ခန့်အပ်ခဲ့ပြီးနောက်ပိုင်း အခုလို နှုတ်ထွက်ဖို့ ဖြစ်လာတာလို့ သိရပါတယ်။
အဲလစ်ဟာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အာဆင်နယ်ကနေ ထွက်ခွာသွားကြတဲ့ အီဒူး၊ အန်ဒရီယာ ဘာတာနဲ့ ဗီနိုင်း ဗန်ကာတက်ရှ်ဟမ်တို့လို တာဝန်ရှိသူတွေရဲ့ စာရင်းထဲမှာ ပါဝင်လာခဲ့တာပါ။
ဂျိမ်းစ်အဲလစ်ဟာ LinkedIn ကတစ်ဆင့် ရှည်လျားတဲ့ နှုတ်ဆက်စာတစ်စောင် ရေးသားခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့သလို နှစ်အတော်ကြာ အားပေးကူညီခဲ့တဲ့ အသင်းကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
"နောက်ထပ် ခြေလှမ်းသစ်တစ်ခု စတင်ဖို့ အချိန်တန်ပြီ။ ကျွန်တော် အာဆင်နယ်အသင်းကနေ မကြာခင်ကပဲ ထွက်ခွာခဲ့ပါတယ်။ ၅ နှစ်နီးပါး ကာလအတွင်းမှာ အဆင့်မြင့်ကလပ်အသင်းတစ်သင်း ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ အရည်အသွေးမြင့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေဖို့ ကျွန်တော့်ဘက်က အစွမ်းကုန် ကြိုးစားကူညီခဲ့ပါတယ်။
ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း ခရီးလမ်းတစ်လျှောက်မှာ ကျွန်တော့်ကို ပုံဖော်ပေးခဲ့သူတွေ၊ သင်ယူမှုတွေ ရစေခဲ့သူတွေနဲ့ သူတစ်ပါးရဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးပြီး အဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက် အောင်မြင်အောင် ကူညီပေးချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒကို အကောင်အထည်ဖော်နိုင်အောင် လမ်းပြပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီလို အလုပ်မျိုးတွေကို ဆက်လုပ်သွားနိုင်မယ့် အခွင့်အရေးသစ်ကိုလည်း မျှော်လင့်နေပါတယ်" လို့ ရေးသားခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ အကယ်ဒမီမန်နေဂျာ ပါး မာတီဆက်ကာကလည်း ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ ဒါဟာ အသင်းနောက်ကွယ်က အပြောင်းအလဲတွေလုပ်ဖို့ ဝန်မလေးတဲ့ ဂန်းနားတို့ရဲ့ နောက်ထပ် ဝန်ထမ်းအပြောင်းအလဲတစ်ခုလည်း ဖြစ်ပါတယ်။