အီတလီအသင်းကနေ ချီယေဆာ ဘာကြောင့် နှုတ်ထွက်ခဲ့ရသလဲဆိုတာကို ဂတ်တူဆို ရှင်းပြ
လီဗာပူးအသင်းရဲ့ တိုက်စစ်ကစားသမား ဖက်ဒရီကို ချီယေဆာ အသင်းကနေ ဘာကြောင့် နုတ်ထွက်သွားရတာလဲဆိုတဲ့ အကြောင်းအရင်းကို အီတလီအသင်းရဲ့ နည်းပြချုပ် ဂျင်နာရို ဂတ်တူဆိုက ပြောကြားလိုက်ပါတယ်။
လာမယ့် ကြာသပတေးနေ့မှာ မြောက်အိုင်ယာလန်နဲ့ ကစားရမယ့် အီတလီရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချီယေဆာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ နည်းပြ ဂတ်တူဆိုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပြီး သူဟာ ချီယေဆာရဲ့နေရာမှာ နီကိုလို ကမ်ဘီယာဂီကို ချက်ချင်း အစားထိုး ခေါ်ယူလိုက်ပါတယ်။
အီတလီကစားသမား ချီယေဆာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နောက်ဆုံးအကြိမ် နိုင်ငံတကာပွဲ ကစားပေးခဲ့တာဖြစ်ပြီး အခုတစ်ပတ်မှာ လေ့ကျင့်ရေးစခန်းကနေ နုတ်ထွက်ခဲ့တာကြောင့် သူ့ရဲ့ ကမ္ဘာ့ဖလားကစားခွင့် အိပ်မက်တွေအတွက် အခက်အခဲတွေ ရှိလာခဲ့ပါတယ်။
ချီယေဆာ အသင်းကနေ ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး ဂတ်တူဆိုက ရှင်းပြရာမှာ သူဟာ ကစားသမားတွေကို ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေတာကိုပဲ လိုချင်ပြီး အခုအချိန်မှာတော့ အဆိုပါတောင်ပံကစားသမားဟာ အကောင်းဆုံး အနေအထားမှာ မရှိဘူးလို့ ဆိုပါတယ်။
"ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကို ရှေ့တန်းမတင်နိုင်ပါဘူး။ အခုပွဲက အများကြီး အရေးကြီးတာကြောင့် ကျွန်တော့်ကစားသမားတွေကို အကောင်းဆုံး အနေအထားမှာ ရှိနေစေချင်ပါတယ်။ ကစားသမားတွေကို သင့်တော်တဲ့ နေရာတွေမှာ ထားနိုင်ဖို့အတွက် အကောင်းဆုံး ကစားကွက်ကို ရွေးချယ်သွားမှာပါ"
"ကျွန်တော် ဖက်ဒရီ (ချီယေဆာ) နဲ့ ၇ ရက် ဒါမှမဟုတ် ၁၀ ရက်တစ်ခါလောက် စကားတွေ အကြာကြီး ပြောဖြစ်ပါတယ်။ သူ့အပေါ် ကျွန်တော် ဘယ်လိုမြင်လဲဆိုတာ သူသိပါတယ်၊ ဒါပေမဲ့ ကစားသမားတစ်ယောက်က သူ့ရဲ့ အခြေအနေကို ပြောပြလာတဲ့အခါမှာတော့ ကျွန်တော်တို့က လေးစားရမှာပါ"
"လက်ရှိမှာတော့ သူက ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေတယ်လို့ မခံစားရသေးပါဘူး။ သူ ပြုပြင်ရမယ့် အသေးစား ပြဿနာလေးအချို့ ရှိနေသေးပြီး ကြံ့ခိုင်မှု အပြည့်အဝ ပြန်ရဖို့ပဲ သူ လိုလားနေပါတယ်" လို့ ဂတ်တူဆိုက ပြောပါတယ်။
အီတလီအသင်းဟာ ကြာသပတေးနေ့ ဆီမီးဖိုင်နယ်မှာ မြောက်အိုင်ယာလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အကယ်၍ ကမ္ဘာ့ဖလား အိပ်မက်ကို ဆက်အသက်သွင်းနိုင်မယ်ဆိုရင်တော့ ဖိုင်နယ်မှာ ဝေးလ် ဒါမှမဟုတ် ဘော့စနီးယားအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား လေးကြိမ်ရရှိထားတဲ့ အီတလီအသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲ နှစ်ခုဆက်တိုက် ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် အခုတစ်ကြိမ်မှာတော့ ကမ္ဘာ့ဖလားဆီ ပြန်ရောက်ဖို့ မျှော်လင့်နေတာပါ။ ဂတ်တူဆိုကတော့ သူ့ရဲ့အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်နေပြီး အဲဒီအချိန်မှာ ချီယေဆာသာ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင်တော့ အသင်းထဲကို ပြန်လည် ပါဝင်လာနိုင်မှာ ဖြစ်ပါတယ်။