အက်စတွန်ဗီလာကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်းပြောကြားလာတဲ့ ဆန်ချို
ပြီးခဲ့တဲ့ ကြာသပတေးနေ့က လိုင်လီအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်း အနိုင်ရရှိခဲ့ပြီး အဲဒီပွဲမှာ ပါဝင်ခွင့်ရခဲ့တာကြောင့် အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုက ပျော်ရွှင်နေပါတယ်။
ဒုတိယပိုင်းမှာ ဂျွန်မက်ဂင်းနဲ့ လီယွန်ဘေလီတို့က ဂိုးတွေအသီးသီး သွင်းယူပေးခဲ့ကြတာကြောင့် ၁၆ သင်းအဆင့်မှာ နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တဲ့အပေါ် ဆန်ချိုက "ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲ" လို့ စတင်ပြောကြားခဲ့ပါတယ်။
"ဒီညမှာ ပရိသတ်တွေနဲ့အတူ ဖြတ်သန်းခဲ့ရတာက တကယ့်ကို အံ့ဩစရာပါပဲ။ ကျွန်တော်တို့တွေ အသင်းရဲ့ ကစားကွက်အတိုင်း အကောင်းဆုံး ကစားနိုင်ခဲ့ကြတယ်၊ ဒါဟာ ကျွန်တော်တို့ လိုအပ်နေတဲ့အရာလည်း ဖြစ်ပါတယ်။ ဒီလို အရှိန်အဟုန်မျိုးကို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း ဆက်ပြီး ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်"
"ပွဲတိုင်းကို တစ်ပွဲချင်းစီ အာရုံစိုက်ပြီး ကစားသွားရမှာပါ။ ဥရောပပြိုင်ပွဲတွေက တခြားပြိုင်ပွဲတွေနဲ့ မတူဘဲ ခက်ခဲပါတယ်။ ဘောလုံးရထားတဲ့အချိန်ရော မရထားတဲ့အချိန်မှာပါ ကျွန်တော်တို့တွေ ကြိုးကြိုးစားစား ကစားခဲ့ကြတယ်။ အခုလိုမျိုးပဲ ဆက်ပြီး ကြိုးစားသွားမယ်ဆိုရင် ဒီပြိုင်ပွဲမှာ အဝေးကြီးအထိ ဆက်သွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အသင်းဖော် မက်ဂင်းနဲ့ ပတ်သက်ပြီးတော့လည်း "သူ့ကို ကျွန်တော်တို့ တကယ်ကို လွမ်းနေခဲ့တာပါ။ သူက ပေါင်းရသင်းရ အရမ်းကောင်းတဲ့သူဖြစ်သလို အဝတ်လဲခန်းထဲမှာလည်း တက်ကြွမှုတွေ အများကြီး ယူဆောင်လာပေးနိုင်သူပါ။ သူ ပြန်လာနိုင်တဲ့အတွက် တကယ်ကို ဝမ်းသာပါတယ်၊ ဒီနေ့ပွဲမှာ သူ့ကို ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။