မန်စီးတီးဟာ အရည်အသွေးနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေ လျော့နည်းနေတယ်လို့ အမ်ဘရိုဆီနီ ဝေဖန်
အေစီမီလန် ဂန္ထဝင်ကစားသမား ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ဆွတ်ခူးခဲ့သူ မာစီမို အမ်ဘရိုဆီနီက မန်ချက်စတာစီးတီးအသင်းဟာ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်နေပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၅-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဥရောပချန်ပီယံလိဂ်ကနေ သုံးရာသီဆက်တိုက် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အခုလို ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်လည်း မျှော်လင့်ချက် နည်းသွားခဲ့တာကြောင့် စီးတီးရဲ့ ရာသီဟာ ပျက်စီးလုနီးပါး ဖြစ်နေပြီး နည်းပြ ဂွါဒီယိုလာအနေနဲ့ ဒီရာသီကို ပြန်လည်ကုစားဖို့အတွက် EFL Cup နဲ့ FA Cup ကိုပဲ အားကိုးရတော့မယ့် အခြေအနေ ဖြစ်နေပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံဆုအတွက် အကောင်းဆုံး ပုံစံပြန်ရဖို့ဆိုရင် အပြောင်းအလဲတွေ အသည်းအသန် လိုအပ်နေပြီဖြစ်ကြောင်း အမ်ဘရိုဆီနီက ဘောလုံးလောင်းကစား သတင်းတွေကို ဖော်ပြပေးတဲ့ BOYLE Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။ "ပြီးခဲ့တဲ့အပတ်က ကျွန်တော် မက်ဒရစ်မှာ ရှိနေခဲ့ပါတယ်။ အခုမြင်တွေ့နေရတဲ့ စီးတီးအသင်းက ပုံမှန် ဂွါဒီယိုလာရဲ့ အသင်းမျိုး မဟုတ်တော့ဘူး။ သူတို့ဆီမှာ အရည်အသွေးတွေနဲ့ တိုက်ပွဲဝင်လိုစိတ်တွေ လျော့နည်းနေတယ်။ အာဆင်နယ်နဲ့ အမှတ်ကွာဟမှုကို လျှော့ချဖို့ အခွင့်အရေးတွေ အများကြီးကိုလည်း သူတို့ လက်လွှတ်ခဲ့ရတယ်။ အသင်းရဲ့ စီမံကိန်းကို ပြန်လည် ဆန်းသစ်ဖို့အတွက် တစ်ခုခု အသစ်အဆန်း လိုအပ်နေပြီလို့ ကျွန်တော် ထင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဆက်လက်ပြီး အမ်ဘရိုဆီနီက "အားလင်း ဟာလန်းကို ပွဲထဲမှာ ပိုပြီး ပါဝင်လာအောင် လုပ်ဖို့ နည်းလမ်း ရှာရပါမယ်။ သူက ပွဲအတွင်းမှာ ဘောလုံးထိချက် အနည်းငယ်ပဲ ရှိနေတယ်။ အသင်းက ပြိုင်ဘက် ဂိုးဧရိယာနားမှာပဲ အမြဲ ကစားနေပေမဲ့ သူကတော့ ဘောလုံး သိပ်မရဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ သူတို့ နည်းနည်း ရုန်းကန်နေရတာပါ။ တခြားအသင်းတွေ အကုန်လုံးကလည်း အခုဆိုရင် စီးတီးနဲ့ ဘယ်လို ရင်ဆိုင်ကစားရမလဲဆိုတာကို ကျင့်သားရနေကြပြီ။ အဲဒါက သူတို့အတွက် အကြီးမားဆုံး ပြဿနာပါပဲ" လို့ ဝေဖန်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့် ဧပြီလ ၄ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ FA Cup ကွာတားဖိုင်နယ် ပွဲစဉ် ကစားဖို့ရှိသလို၊ ဒီအပတ်ထဲမှာပဲ EFL Cup ဗိုလ်လုပွဲအဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒါတွေဟာ သူတို့အတွက် ဒီရာသီ ဆုဖလားရရှိဖို့ နောက်ဆုံး အခွင့်အရေးတွေ ဖြစ်ပါတယ်။ အကယ်၍ ဒီရာသီမှာ ဆုဖလား တစ်လုံးမှ မရခဲ့ဘူးဆိုရင်တော့ နည်းပြ ဂွါဒီယိုလာဟာ ဘောလုံးလောကကနေ ခေတ္တအနားယူဖို့ ရည်ရွယ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အသင်းမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ဂွါဒီယိုလာတစ်ယောက် အသင်းကနေ ထွက်ခွာသွားနိုင်ခြေ ရှိနေပါတယ်။