The network connection is lost.

Banner Image

အန်ဖီးလ်ကွင်းသရေရလဒ်ကို အသင်းအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာစေဖို့ တော့တင်ဟမ်နည်းပြတူဒေါ မျှော်လင့်နေ

တော့တင်ဟမ်ယာယီနည်းပြအီဂေါတူဒေါက တနင်္ဂနွေနေ့၊ လီဗာပူးနဲ့ပွဲစဉ်အတွက် ကစားသမားအင်အား မလုံလောက်ချိန် အံ့အားသင့်စရာစိတ်ဓါတ်ခွန်အားနဲ့အတူ တစ်ဖက်တစ်ဂိုးစီသရေကစားနိုင်ခဲ့မှုကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ အခုရလဒ်ကြောင့် အသင်းရဲ့တန်းမဆင်းရရေးတိုက်ပွဲဝင်မှုမှာ အခွင့်အရေး ပိုမိုများပြားလာတယ်လို့လည်း ဆိုပါတယ်။

ပွဲကစားချိန် မိနစ် ၉၀ မှာ ရရှိခဲ့တဲ့ ရစ်ချာလီဆန်ရဲ့ချေပဂိုးက တော့တင်ဟမ်ကို တန်းဆင်းဇုန်နားအထိ ရောက်ရှိသွားစေမယ့် ကလပ်အသင်းရဲ့စံချိန်တင်ခြောက်ပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းမှ ကယ်တင်ပေးခဲ့ပါတယ်။ အခုသရေရလဒ်ကြောင့် တော့တင်ဟမ်က တန်းဆင်းဇုန်ပြိုင်ဘက် နော်တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်းတို့ထက် တစ်မှတ်အသာရရှိသွားခဲ့ပါတယ်။

"အသင်းရဲ့စိတ်ဓာတ်ပိုင်းကတော့ တကယ်ကို အံ့ဩစရာပါပဲ။ ဒါ ကျွန်တော် အထူးတောင်းဆိုထားတဲ့အချက်လည်း ဖြစ်ပါတယ်။ ကစားသမားတွေမှာ အရည်အချင်းရှိပြီးသားပါ။ ဒီနေ့ပွဲစဉ်က အသင်းအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ ခရိုအေးရှားလူမျိုး နည်းပြက ပြောပါတယ်။

အခုပွဲစဉ်မတိုင်ခင် တူဒေါရဲ့အသင်းမှာ ဒဏ်ရာနဲ့ပွဲပယ်ပြစ်ဒဏ်တွေကြောင့် စီနီယာကစားသမား ၁၂ ဦးအထိ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အရန်ကစားသမားစာရင်းအတွက်တောင် ကစားသမားအင်အား မပြည့်ခဲ့ပါဘူး။ ဂျူဗင်တပ်စ်နည်းပြဟောင်းကတော့ ဒုတိယပိုင်းပွဲချိန်တွေမှာ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမားလေးတွေဖြစ်တဲ့ အိုလူစီနဲ့ ဂျိမ်းစ်ရို့စ်ဝဲလ်တို့ကို ထည့်သွင်းအသုံးပြုခဲ့ရပါတယ်။

"ဒီကွင်းမှာ အခုလိုရလဒ်ရရှိခဲ့တယ်ဆိုတာ တကယ်ကို အံ့ဩစရာကောင်းသလို ရသင့်ရထိုက်တဲ့ ရလဒ်လည်း ဖြစ်ပါတယ်။ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်" လို့လည်း တူဒေါက ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ကြုံတွေ့နေရတဲ့အခြေအနေကို ရှင်းပြဖို့တောင် ခက်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ ပုံစံတစ်မျိုးပြင်ဆင်ခဲ့ပေမဲ့ ဒီနေ့မနက်မှာတော့ ဂလယ်ဟာ မကစားနိုင်တော့ဘူးလို့ ပြောလာလို့ လူစာရင်းနဲ့ ကစားကွက်နေရာတွေ ပြန်ပြောင်းခဲ့ရပါတယ်။ အခုလိုအခြေအနေတွေက တကယ်ကို ထူးဆန်းသလို ကျွန်တော်တို့ ဘယ်သူလဲဆိုတာ သက်သေပြဖို့ စိန်ခေါ်မှု ပိုဖြစ်စေပါတယ်။ ကစားသမားတွေကတော့ တကယ့်ကို ထူးချွန်လွန်းပါတယ်" လို့ ၎င်းက ဆိုပါတယ်။