မီလန်ဒါဘီမှာ အနိုင်ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်းဖွင့်ဟလာတဲ့ အက်စတူပီနန်
တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ဒါဘီပွဲစဉ်မှာ အေစီမီလန်အတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ပါဗစ် အက်စတူပီနန်တစ်ယောက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်နေပါတယ်။
ဘရိုက်တန် နောက်ခံလူဟောင်းဟာ စီးရီးအေ ဇယားထိပ်က အသင်းကို အနိုင်ရရှိစေမယ့် ဒီညရဲ့ တစ်လုံးတည်းသော ဂိုးကို သွင်းယူပေးခဲ့တာပါ။
ပွဲအပြီးမှာ သူက "တကယ်တော့ ဒါဟာ အရမ်းကို ထူးခြားတဲ့ ညတစ်ညပါပဲ။ အသင်းကို ကူညီပေးနိုင်ခဲ့သလို ဒီညမှာ ပရိသတ်တွေအားလုံးကို အပျော်တွေ ယူဆောင်ပေးနိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာပီတိဖြစ်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
နည်းပြ မက်စ် အယ်လီဂရီနဲ့ ပတ်သက်ပြီးတော့လည်း အက်စတူပီနန်က Telelombardia ကို အခုလို ပြောပြခဲ့ပါတယ်။ "နည်းပြက ကျွန်တော့်ကို အမြဲတမ်း ယုံကြည်မှု ပေးပါတယ်။ ဒါက တကယ်ကို အရေးကြီးပါတယ်။ ဒီလိုအချိန်မျိုး ရောက်လာဖို့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက အရမ်းတောင့်တင်းသလို ကစားသမားကောင်းတွေ၊ လူကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလို့ ကျွန်တော် ထင်ပါတယ်။"
"အဓိက အရေးကြီးဆုံးကတော့ အမြဲတမ်း အသင့်ဖြစ်နေဖို့ပါပဲ။ ဒါမှ ကိုယ့်အလှည့်ရောက်တဲ့အခါ ကွင်းထဲမှာ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်မှာ ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။
ဒီနိုင်ပွဲကြောင့် မီလန်အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး အင်တာမီလန်နဲ့ ၇ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။
အက်စတူပီနန်က "နောက်ဆုံး ခရာသံ မထွက်မချင်း ဘာမှ အဆုံးအဖြတ် မပေးနိုင်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ပေးနိုင်ဖို့ ပွဲတိုင်းကို တစ်ဆင့်ချင်းစီ အကောင်းဆုံး ကြိုးစားသွားပါမယ်။ ဒါက ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အရာပါ။ ပွဲတိုင်းမှာ ကျွန်တော်တို့ အစွမ်းကုန် တိုက်ပွဲဝင်သွားမှာပါ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။