The network connection is lost.

Banner Image

လီဗာပူးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ ဂရာဗန်ဘတ်ချ်

လီဗာပူးကွင်းလယ်ကစားသမားဂရာဗန်ဘတ်ချ်က အသင်းနဲ့အတူ စာချုပ်သစ်တစ်ရပ်မှာ လက်မှတ်ရေးထိုးချုပ်ဆိုလိုက်ပါပြီ။

နယ်သာလန်ကွင်းလယ်လူက သက်တမ်းအတိအကျဖော်ပြထားခြင်းမရှိတဲ့ စာချုပ်သစ်တစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

"တကယ့်ကို ပျော်ရွှင်မိပါတယ်။ အခုလိုကလပ်အသင်းကြီးမှာ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် တကယ်လည်း ဂုဏ်ယူမိပါတယ်။ ဒါကြောင့် ဒီမှာ နောက်ထပ်နှစ်အတော်ကြာဆက်နေခွင့်ရတဲ့အတွက် တကယ်ဝမ်းသာပါတယ်" လို့ ဂရာဗန်ဘတ်ချ်က Liverpoolfc.com ဆီ ပြောကြားခဲ့ပါတယ်။

"ကလပ်အသင်းနဲ့ နည်းပြတို့ရဲ့ယုံကြည်မှုကို တိုက်ရိုက်ခံစားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ဆုံးဖြတ်ရတာ အရမ်းလွယ်ကူခဲ့ပါတယ်။ ကျွန်တော့်မိသားစုကလည်း ဒီမှာပျော်ရွှင်နေကြပါတယ်။ ကျွန်တော်တို့ ဒီရောက်တာ သုံးနှစ်နီးပါးရှိပြီဆိုတော့ အရာအားလုံးလည်း ရင်းနှီးနေပြီဖြစ်လို့ ဒီမှာရှိနေရတာကို ပျော်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဆက်လက်ပြီး ၎င်းက "ရေတိုရည်မှန်းချက်အနေနဲ့ ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့ဖြစ်ပြီး ရေရှည်အတွက်ကတော့ လီဗာပူးနဲ့အတူ ဆုဖလားတွေ အများကြီးထပ်ယူချင်ပါတယ်" လို့ ဆိုပါတယ်။

"ပရိသတ်တွေနဲ့လည်း ကျွန်တော်က တကယ့်ကိုရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်။ ကွင်းထဲမှာ ကျွန်တော်တစ်ခုခုကောင်းကောင်းလုပ်နိုင်တိုင်း သူတို့တွေ ကျွန်တော့်အတွက် သီးသန့်စပ်ထားတဲ့သီချင်းကို သီဆိုအားပေးကြတာကို အမြဲကြားသိရပါတယ်။

ပရိသတ်တွေကို တကယ်ကျေးဇူးတင်ပါတယ်။ သူတို့သာမရှိရင် ကျွန်တော်တို့ အခုလိုအနေအထားကို မရောက်နိုင်ပါဘူး။ အနာဂတ်မှာ သူတို့အတွက် ဆုဖလားတွေ အများကြီးထပ်ယူပေးချင်ပါတယ်၊ အဲဒါကိုလည်း အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။