အီရန်အသင်း ကမ္ဘာ့ဖလားမှာဝင်မကန်ရင်လည်း ဂရုမစိုက်ဘူးလို့ ထရန့် ပြောကြား
အီရန်အသင်းအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားမလားဆိုတဲ့အပေါ် တကယ်ကို ဂရုမစိုက်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်နေသလို၊ အီရန်ဘက်ကလည်း ပင်လယ်ကွေ့ဒေသက အမေရိကန်မဟာမိတ်နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်နေတာကြောင့် ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ ထရန့်က အခုလို မှတ်ချက်ပေးလိုက်တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က အိမ်ရှင်အဖြစ် ပူးပေါင်းကျင်းပသွားမှာ ဖြစ်ပါတယ်။
အီရန်အသင်း ပြိုင်ပွဲမှာ ပါဝင်ကစားမယ့်အပေါ် "ကျွန်တော် တကယ်ကို ဂရုမစိုက်ပါဘူး" လို့ ထရန့်က Politico သတင်းဌာနကို ပြောခဲ့ပါတယ်။ "အီရန်ဟာ အကြီးအကျယ် ရှုံးနိမ့်နေတဲ့ နိုင်ငံတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ သူတို့မှာ အင်အားကုန်သလောက် ဖြစ်နေပါပြီ" လို့လည်း သူက ဆိုပါတယ်။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားကို လေးကြိမ်ဆက်တိုက် ခြေစစ်ပွဲ အောင်မြင်ထားတာဖြစ်ပါတယ်။ အီရန်က အုပ်စုပွဲစဉ်တွေအဖြစ် နယူးဇီလန်၊ ဘယ်လ်ဂျီယံတို့နဲ့ လော့စ်အိန်ဂျလိစ်မှာ ကစားရမှာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲကိုတော့ အီဂျစ်နဲ့ စီယက်တဲလ်မြို့မှာ ကစားရဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီ အမေရိကန်က အီရန်ရဲ့ နျူကလီးယား အဆောက်အအုံ ၃ ခုကို ဗုံးကြဲခဲ့စဉ်ကတော့ အီရန်ဟာ ပြိုင်ပွဲကနေ နုတ်မထွက်ခဲ့ပါဘူး။
ဒါပေမဲ့ အခုတစ်ခါမှာတော့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေက ပိုပြီးဆိုးရွားနေတာကြောင့် အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မက်ဒီတက်ဂျ်က သူတို့ ပါဝင်ကစားဖို့အပေါ် သံယယရှိနေတယ်လို့ သိရပါတယ်။
"ကမ္ဘာ့ဖလားကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြည့်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေနဲ့ အတော်လေး ဝေးကွာနေပါတယ်" လို့ တက်ဂျ်က အီရန်ရုပ်သံကို ပြောကြားခဲ့ပါတယ်။ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လို၊ မလိုကိုတော့ နိုင်ငံရဲ့ အားကစားတာဝန်ရှိသူတွေက ဆုံးဖြတ်သွားမယ်လို့ သူက ဆိုပါတယ်။
FIFA အထွေထွေအတွင်းရေးမှူးချုပ် မက်သီးရပ်စ် ဂရပ်စထရွမ်းကတော့ "ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ အားလုံးပါဝင်ပြီး ဘေးကင်းလုံခြုံတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခု ဖြစ်လာဖို့ပါပဲ" လို့ စနေနေ့က ပြောကြားထားပါတယ်။