The network connection is lost.

Banner Image

ချန်ပီယံဖြစ်ဖို့ သေချာနေပြီဆိုတဲ့ အယူအဆတွေကို ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ်ပယ်ချ

ဘွန်ဒက်လီဂါချန်ပီယံဆုနဲ့လက်တစ်ကမ်းအလိုအထိ ဘိုင်ယန်မြူးနစ်အသင်း ရောက်ရှိနေပြီလားဆိုတဲ့ မေးခွန်းနဲ့ ဂျာမန်လိဂ်ရဲ့ 50+1 စည်းမျဉ်းအပေါ် အမြင်တွေကို ဖော်ပြပေးဖို့ ဘာဗေးရီးယန်းကလပ်အသင်းအကြီးအကဲဆီ မေးမြန်းလာကြပါတယ်။

ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ Sport BILD နဲ့ အင်တာဗျူးမှာ ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ်ဒရက်ဆင်က သူတို့အသင်း ဘွန်ဒက်လီဂါဖလားရရှိဖို့ သေချာသလောက်ဖြစ်နေပြီဆိုတဲ့ မှတ်ချက်မျိုးပေးဖို့ ဝန်လေးနေခဲ့ပါတယ်။

"ဗင်းဆင့်ကွန်ပနီနဲ့ ဟာရီကိန်းတို့ မနေ့က ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့ ကစားဖို့ ၁၀ ပွဲတောင် ကျန်ပါသေးတယ်။ ဒီရာသီမှာ ၁၁ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ဖူးပေမဲ့ သရေတစ်ပွဲ ဒါမှမဟုတ် ရှုံးပွဲတစ်ပွဲ ကြုံတာနဲ့တင် အခြေအနေတွေ ရုတ်တရက်ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီလိုအသာစီးရနေမှုကို လက်လွှတ်ဖို့တော့ ကျွန်တော်တို့မှာ လုံးဝဆန္ဒမရှိပါဘူး။ ကျွန်တော်တို့ တစ်ပွဲချင်းစီအအာရုံစိုက်သွားဖို့ ရှိနေပြီး အာရုံစူးစိုက်မှုအပြည့် ထားရှိသွားပါမယ်" လို့ အသက် ၅၈ နှစ်အရွယ်အမှုဆောင်ချုပ်က ရှင်းပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌဟိုင်နာရဲ့ 50+1 စည်းမျဉ်းကိုပယ်ဖျက်ဖို့ရည်ရွယ်တဲ့မှတ်ချက်တွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒရက်ဆင်က ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာစေဖို့အတွက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူပြောဆိုချက်တွေကို ထောက်ခံပေးခဲ့ပါတယ်။

"ဟိုင်နာက ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို မကြာသေးခင်ကပဲ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ကလပ်အသင်းတိုင်းက သူတို့ဘာလုပ်မလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးနိုင်ဖို့နဲ့ တက်ကြွနေစေဖို့အတွက် အားကောင်းပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဘွန်ဒက်စ်လီဂါတစ်ခု လိုအပ်ပါတယ်။ ဒေါ့မွန်၊ လေဗာကူဆင်၊ စတုဂတ်၊ လိုက်ပ်ဇစ်နဲ့ တခြားအသင်းတွေက ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုယ်တိုင်လည်း ခြေလှမ်းသစ်တွေလှမ်းပြီး ကျွန်တော်တို့နဲ့အတူ ရင်ပေါင်တန်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဒရက်ဆင်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။