The network connection is lost.

Banner Image

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ဖလားကနေ နုတ်ထွက်မယ်လို့ အီရန်ခြိမ်းခြောက်

၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်က အီရန်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် FIFA အထွေထွေအတွင်းရေးမှူးချုပ် မက်သီးရပ်စ် ဂရပ်စထရွမ်းက အခြေအနေတွေကို "စောင့်ကြည့်သွားမယ်" လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ သေဆုံးသွားခဲ့ပြီးနောက်မှာ အီရန်အသင်းဟာ လာမယ့်နွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်တစ်ဝှမ်းမှာ "အဓိက တိုက်ခိုက်ရေးလုပ်ငန်းစဉ်တွေ" စတင်ခဲ့ပြီးနောက် အီရန်ဘက်ကလည်း ဒူဘိုင်း၊ ဒိုဟာ၊ ဘာရိန်းနဲ့ ကူဝိတ်တို့မှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းတွေအပြင် အစ္စရေးကိုပါ ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ပေါ်ပေါက်လာတာပါ။

ဗြိတိန်ကတော့ ဒီတိုက်ခိုက်မှုမှာ တိုက်ရိုက်မပါဝင်ပေမဲ့ ဝန်ကြီးချုပ် ကီယာစတာမာကတော့ သူတို့ရဲ့ လေယာဉ်တွေဟာ အရှေ့အလယ်ပိုင်းမှာ ပျံသန်းနေတယ်လို့ ဆိုပါတယ်။ "ဗြိတိန် အခြေစိုက်စခန်းတွေနဲ့ ဝန်ထမ်းတွေကို အမြင့်ဆုံးအဆင့် လုံခြုံရေး တိုးမြှင့်ထားပါတယ်။ အီရန်အနေနဲ့ ဒါကို အခုပဲ ရပ်တန့်နိုင်ပါတယ်။ တိုက်ခိုက်မှုတွေ ထပ်မလုပ်ဖို့၊ လက်နက်အစီအစဉ်တွေကို စွန့်လွှတ်ဖို့နဲ့ အီရန်ပြည်သူတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်နေတာတွေကို အဆုံးသတ်ဖို့ တိုက်တွန်းပါတယ်" လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အီရန်အသင်းဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားကို ခြေစစ်ပွဲအောင်မြင်ထားပြီး အုပ်စု (G) မှာ ဘယ်လ်ဂျီယံ၊ နယူးဇီလန်၊ အီဂျစ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မက်ဒီတက်ဂျ်ကတော့ ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့အပေါ် အတော်လေး သံသယရှိနေပါတယ်။ "အခုဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျွန်တော်တို့ ကမ္ဘာ့ဖလားကို မျှော်လင့်နိုင်ဖို့ မလွယ်တော့ပါဘူး" လို့ ပြောခဲ့ပေမဲ့ ဒါကို အားကစားဘက်က တာဝန်ရှိသူတွေကပဲ အတည်ပြု ဆုံးဖြတ်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဝေလပြည်နယ်၊ ကာဒစ်ဖ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ FIFA အရာရှိ မက်သီးရပ်စ် ဂရပ်စထရွမ်းက "အီရန်သတင်းကို အားလုံးလိုပဲ ဒီမနက်မှာ ဖတ်လိုက်ရပါတယ်။ အသေးစိတ် မှတ်ချက်ပေးဖို့ကတော့ စောလွန်းနေသေးပေမဲ့ ကမ္ဘာတစ်ဝှမ်းက အခြေအနေတွေကိုတော့ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။