The network connection is lost.

Banner Image

အာဆင်နယ်ကို ဂိုးပြတ်ရှုံးပြီးနောက် တော့တင်ဟမ်ကစားသမားတွေကို အီဂေါတူဒေါ ပြင်းပြင်းထန်ထန် ဝေဖန်

တနင်္ဂနွေနေ့၊ မြောက်လန်ဒန်ဒါဘီပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်ရဲ့ယာယီနည်းပြသစ်အီဂေါတူဒေါက သူ့ရဲ့ကစားသမားတွေကို အားမလိုအားမရဖြစ်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်တိုက်ပွဲဆီ တော့တင်ဟမ်တို့ ကျရောက်သွားပါတယ်။ အခုပွဲစဉ်မှာ အာဆင်နယ်အတွက် အီဇီနဲ့ ယောကရက်စ်တို့က နှစ်ဂိုးစီသွင်းယူပေးခဲ့ပါတယ်။

အသင်းကိုပြန်တည်ငြိမ်အောင်ထိန်းကျောင်းဖို့ရောက်ရှိလာတဲ့ တူဒေါကိုယ်တိုင်လည်း သူလုပ်ဆောင်ရမယ့် အလုပ်တွေက ဘယ်လောက်အထိ အရေးကြီးပြီး ခက်ခဲမလဲဆိုတာကို ချက်ချင်းဆိုသလို သိရှိသွားပုံရပါတယ်။

ပွဲအပြီးမှာ Sky Sports နဲ့ အင်တာဗျူးချိန် တူဒေါက "အခုလို ဖြစ်သွားတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ခြေစွမ်းပိုင်းက လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိခဲ့လို့ပါ။ အာဆင်နယ်က ကျွန်တော်တို့ထက် အများကြီးပိုကောင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းနှစ်ခုအကြား ကွာဟချက် အရမ်းကြီးမားနေပါတယ်။ အခုလိုအသင်းမျိုးနဲ့ကစားရတာဟာ ကျွန်တော်တို့ ဘယ်အဆင့်ထိရောက်အောင်သွားရမလဲဆိုတာကို သိမြင်နိုင်ဖို့အတွက် ကောင်းပါတယ်။ အခုစပြီး ကြိုးစားဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့မှာ အားနည်းချက်တွေ အများကြီးရှိနေလို့ တကယ်ကို အားသွန်ခွန်စိုက်ကြိုးစားရပါလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် "စိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း ဒီအခြေအနေမှ ရုန်းထွက်နိုင်ဖို့ လိုပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ ကြိုးစားဖို့ပါပဲ။ အေးအေးဆေးဆေးနဲ့နှိမ့်ချပြီး လက်ရှိအခြေအနေကို လက်ခံကာ အနာဂတ်ကို မျှော်ကြည့်ရပါမယ်။ တစ်နေ့ထက်တစ်နေ့၊ တစ်ပတ်ထက်တစ်ပတ် တိုးတက်လာအောင် လုပ်ရပါမယ်။ အခုအချိန်မှာတော့ သူတို့က ကျွန်တော်တို့ထက် ပိုအင်အားတောင့်တင်းနေပါတယ်။ အရင်ကတည်းက စွဲနေတဲ့ အကျင့်ဆိုးတွေ အရမ်းများနေတယ်။ အသင်းရဲ့အစိတ်အပိုင်းတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပြီး တိုးတက်အောင် လုပ်ရမယ်၊ နှိမ့်ချမှု ရှိရမယ်။ ကျွန်တော်တို့ အရင်ထက်ပိုပြေးဖို့ လိုတယ်၊ ပိုကောင်းအောင်ကစားဖို့ လိုတယ်၊ ပိုကောင်းအောင်ခုခံဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာရော၊ Second Ball တွေမှာပါ အနိုင်ရရှိဖို့ ပိုကြိုးစားသွားရပါမယ်" လို့လည်း ဆိုပါတယ်။

"ဒီ လေးငါးရက်အတွင်းမှာ ကျွန်တော်တို့ ပြင်ဆင်ခဲ့ပေမဲ့ ပြိုင်ဘက်က ပိုကောင်းနေခဲ့ပါတယ်။ ကစားသမားတွေမှာ စိတ်အားထက်သန်မှု ရှိခဲ့တယ်၊ ပြေးချင်ကြတယ်၊ အားကုန်သုံးပြီး ဖိကစားခဲ့ကြတယ်လို့တောင် ကျွန်တော် ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူတို့က ပိုသန်မာတယ်၊ ပိုပြီး အားအင်ရှိတယ်၊ ပြီးတော့ ပိုပြီး ယုံကြည်မှု ရှိကြတယ်။ အဓိကအချက်က သူတို့က ပိုပြီးယုံကြည်မှုရှိနေတာပါပဲ။ ဒါပါပဲ၊ ဒီပွဲမှတဆင့် သင်ခန်းစာယူသွားရပါမယ်" လို့ တူဒေါက နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။