ယူနိုက်တက်လူငယ်အသင်းကိုလာရောက်အားပေးခဲ့တဲ့ ကာရစ်အပေါ် မှတ်ချက်ပေးလာတဲ့ ဖလက်ချာ
အောက်စဖို့ဒ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေလူငယ်ဖလားပွဲစဉ်ကို မိုက်ကယ်ကာရစ် လာရောက်ကြည့်ရှုခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် မန်ချက်စတာယူနိုက်တက် ယူ-၁၈ နည်းပြ ဒါရင်းဖလက်ချာက ကြိုဆိုဂုဏ်ယူလိုက်ပါတယ်။
ကာရစ်ဟာ ဗုဒ္ဓဟူးနေ့က ကက်ဆန်ကွင်းမှာ ကစားခဲ့တဲ့ပွဲကို ပွဲကြည့်စင်ကနေ ကြည့်ရှုခဲ့တာဖြစ်ပြီး ဖလက်ချာကတော့ အသင်းမီဒီယာကို ကြာသပတေးနေ့မှာ ပြန်လည်ဖြေကြားခဲ့တာပါ။ အဲဒီပွဲမှာ ယူနိုက်တက်လူငယ်အသင်းက ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဲလ်ဘတ်မေးလ်၊ ဂျေဂျေဂါဘရီယယ်၊ ချီဒိုအိုဘီနဲ့ နိုအာအာဂျာယီတို့က ဂိုးတွေ အသီးသီးသွင်းယူပေးခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ယူနိုက်တက်လူငယ်အသင်းဟာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီး အိမ်ကွင်းမှာ ဆန်းဒါးလန်း ဒါမှမဟုတ် ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဇန်နဝါရီလမှာ ပထမအသင်းကို စတင်တာဝန်ယူပြီးကတည်းက ကားရစ်ဟာ အသင်းရဲ့ လူချွန်လူကောင်းတွေကို စောင့်ကြည့်ဖို့အတွက် အကယ်ဒမီပွဲစဉ်အတော်များများကို လာရောက်ကြည့်ရှုလေ့ရှိပါတယ်။ ရာသီဥတုအခြေအနေ ခက်ခဲတာနဲ့ ခရီးဝေးတာတွေကို ဂရုမစိုက်ဘဲ နည်းပြချုပ် ကားရစ်ဟာ အောက်စဖို့ဒ်အထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တာပါ။ ဒီခရီးစဉ်မှာ လက်ထောက်နည်းပြတွေဖြစ်တဲ့ ထရက်ဗစ်ဘင်နီယမ်နဲ့ ဂျွန်နီအီဗန်တို့လည်း အတူတူ လိုက်ပါလာခဲ့ကြပါတယ်။
ဖလက်ချာကတော့ ပွဲမစခင်မှာ ကားရစ်လာရောက်ကြည့်ရှုနေတဲ့အကြောင်းကို ကစားသမားတွေကို မပြောပြခဲ့ဘူးလို့ ဆိုပါတယ်။ "အမှန်အတိုင်းပြောရရင် ကလေးတွေ အဲဒါကို သိ၊ မသိတောင် ကျွန်တော် မသေချာပါဘူး" လို့ ဖလက်ချာက ပြောပါတယ်။
ယူ-၁၈ နည်းပြက သူ့ရဲ့ကစားသမားတွေကို ဖိအားတွေပိုမများစေဘဲ သူတို့လုပ်ရမယ့်အလုပ်အပေါ်မှာပဲ အာရုံစိုက်စေချင်တာကြောင့် အခုလိုမျိုး မပြောပြခဲ့တာလို့ ရှင်းပြပါတယ်။ "သူတို့ကို ဖိအားတွေထပ်မတိုးစေချင်လို့ ဒီအချက်ကို အာရုံမရောက်အောင် လုပ်ခဲ့တာပါ။ တကယ်တော့ သူတို့လာကြည့်ပေးတာကပဲ တကယ့်ကို ကောင်းမွန်တဲ့အချက်ပါ" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အကယ်ဒမီပွဲစဉ်တွေကို စီနီယာအဆင့် တာဝန်ရှိသူတွေက ကိုယ်တိုင်လာကြည့်ပေးတာဟာ အများကြီး တန်ဖိုးရှိတယ်လို့လည်း ဖလက်ချာက အလေးအနက်ထား ပြောကြားခဲ့ပါတယ်။ "ကျွန်တော်ထင်တာကတော့ အဓိကအကျဆုံးအချက်က သူတို့တွေ လာရောက်အားပေးတာ၊ ကစားသမားတွေကို ကိုယ်တိုင်ကြည့်ရှုတာတွေဟာ တကယ့်ကို အံ့ဩစရာကောင်းပြီး အားတက်စရာပါပဲ" လို့ ပြောပါတယ်။
ယူနိုက်တက် ယူ-၁၈ အသင်းဟာ အခုဆိုရင် အိမ်ကွင်းမှာကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အာရုံစိုက်နေပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့မှာတော့ ပြိုင်ဘက်ဖြစ်လာမယ့် ဆန်းဒါးလန်းနဲ့ ဘရိုက်တန်တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။