ယူနိုက်တက်ကစားသမားသုံးဦးကို အင်္ဂလန်အသင်းအတွက် ပြန်စဉ်းစားနေပြီလို့ တူချယ်အရိပ်အမြွက်ပြောလာ
မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမားသုံးဦးဖြစ်တဲ့ ကိုဘီမိုင်နူး၊ ဟယ်ရီမက်ဂွါရီနဲ့ လုခ်ရှောတို့ဟာ မကြာသေးခင် အပတ်တွေအတွင်း ခြေစွမ်းပြန်ပြလာတာကြောင့် ကမ္ဘာ့ဖလားအတွက် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ "အစီအစဉ်ထဲကို ပြန်ပါလာပြီ" လို့ သောမတ်စ်တူချယ်က ပြောလိုက်ပါတယ်။
အဆိုပါကစားသမား သုံးဦးစလုံးဟာ မိုက်ကယ်ကာရစ် နည်းပြအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ကစားခဲ့တဲ့ ၅ ပွဲစလုံးမှာ ပွဲထွက်ကစားခွင့် ရခဲ့ကြတာဖြစ်ပါတယ်။
အဲဒီ ၅ ပွဲမှာ ယူနိုက်တက်အသင်းက ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
တူချယ်က "မိုင်နူး ကွင်းထဲကို ပြန်ရောက်လာတာ တကယ်ကို ကောင်းပါတယ်။ သူက တကယ့်ကို အရည်အချင်းရှိတဲ့ ကစားသမားပါ။ သူဟာ အင်္ဂလန်အတွက် ပြိုင်ပွဲတစ်ခုလုံးကို အစကနေ အဆုံးအထိ ပွဲထွက်ကစားပေးခဲ့ဖူးတဲ့သူဆိုတော့ လုခ်ရှော၊ ဟယ်ရီတို့နဲ့အတူ သူလည်း ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲ ပြန်ပါလာပါပြီ။
ကစားသမားတချို့ ရုတ်တရက် အစီအစဉ်ထဲ ပြန်ပါလာတာက ကောင်းပါတယ်။ အခု ယူနိုက်တက်က နောက်တန်းလေးယောက်တန်းနဲ့ ကစားနေသလို ကစားဟန်အသစ်ကလည်း အခု ကျွန်တော်တို့ အင်္ဂလန်အသင်းရဲ့ ပုံစံနဲ့ ပိုပြီးတော့ ကိုက်ညီသွားစေပါတယ်။ ဒါဟာ အသင်းထဲမှာ ပိုပြီးတော့ အပြိုင်အဆိုင် ဖြစ်လာစေပါတယ်" လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ နေရှင်းလိဂ်မှာ စပိန်၊ ခရိုအေးရှား၊ ချက်အသင်းတွေနဲ့ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီမတိုင်ခင်မှာတော့ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုအဖြစ် လာမယ့် မတ်လမှာ ဥရုဂွေး၊ ဂျပန်တို့နဲ့ ဝင်ဘာလေကွင်းမှာ ခြေစမ်းပွဲတွေ ကစားသွားမှာ ဖြစ်ပါတယ်။
တူချယ်က ၂၀၂၈ ယူရိုအထိ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ကြာသပတေးနေ့မှာပဲ ဒဏ်ရာရနေတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဂျုဒ်ဘယ်လင်ဟမ်ရဲ့ အခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။
တူချယ်က "ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ဒဏ်ရာသက်သာဖို့ ကြာမြင့်မယ့်အချိန်ကို သတိထားပြီး ပြောနေပါတယ်။ ဒါပေမဲ့ ဂျုဒ်ကတော့ သူကိုယ်တိုင်လည်း တက်ကြွပြီး ပရော်ဖက်ရှင်နယ် ပီသသူဆိုတော့ မတ်လပွဲတွေမှာ ပါဝင်နိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျွန်တော်တို့လည်း သူ့ကို ဆက်သွယ်နေသလို အတတ်နိုင်ဆုံးလည်း ကူညီပေးသွားမှာပါ။ ဒါဟာ အချိန်နဲ့ ပြေးနေရတဲ့ တိုက်ပွဲတစ်ခုပါပဲ" လို့ ပြောကြားသွားခဲ့ပါတယ်။