The network connection is lost.

Banner Image

ပယ်လ်မာ မိနစ် ၉၀ အပြည့်ကစားဖို့ အဆင်သင့်ဖြစ်နေကြောင်း မာရက်စ်ကာအခိုင်အမာပြော

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက မကြာသေးမီရက်သတ္တပတ်တွေကမှ ဒဏ်ရာပြဿနာတွေကိုကျော်ဖြတ်လာနိုင်ခဲ့တဲ့ အသင်းရဲ့ကွင်းလယ်ဖန်တီးရှင်ကိုးလ်ပယ်လ်မာဟာ ယခုအခါမှာတော့ မိနစ် ၉၀ အပြည့်ကစားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်မီမှာ ပြောကြားလာခဲ့ပါတယ်။

ပယ်လ်မာဟာ ပေါင်ခြံဒဏ်ရာနဲ့ ခြေချောင်းရိုးအက်တဲ့ ဒဏ်ရာတွေကြောင့် မကြာသေးမီကချဲလ်ဆီးရဲ့ပွဲစဉ်တွေမှာ မိနစ်ပိုင်းအကန့်အသတ်နဲ့သာကစားနေရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကစားသမားဟာ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ထားနိုင်ပြီဖြစ်လို့ အပြည့်အဝပြန်ကစားနိုင်တော့မယ်လို့ မာရက်စ်ကာကဆိုပါတယ်။

အီတလီသားနည်းပြက "ပယ်လ်မာက မိနစ် ၉၀ အပြည့်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်။ ဒဏ်ရာရကစားသမားတွေ ပြန်လာတဲ့အခါ ပွဲချိန်ကို တစ်ပွဲပြီးတစ်ပွဲ ပိုတိုးတိုးပြီးကစားစေရပါတယ်။ ပယ်လ်မာဆိုရင် အဲဗာတန်နဲ့ပွဲမှာ မိနစ် ၆၀ ကစားခဲ့ပြီး နယူးကာဆယ်နဲ့ပွဲမှာတော့ မိနစ် ၇၀ ကျော်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်သူ့ရဲ့တိုးတက်မှုက ပွဲချိန်ပြည့်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။

ပယ်လ်မာအပြင် တိုက်စစ်မှူးလီယမ်ဒီလပ်နဲ့ တောင်ပံကစားသမား ဝီလီယံအက်စ်တီဗာအိုတို့ကလည်း ဒဏ်ရာကနေသက်သာနေပြီဖြစ်တာကြောင့် ဗီလာနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။ သို့သော်လည်း နည်းပြမာရက်စ်ကာကတော့ အဝါကတ် ၃ ကတ်ပြည့်ထားပြီဖြစ်လို့ ယခုပွဲစဉ်ကိုလွဲချော်သွားမှာဖြစ်ပြီး ပွဲကြည့်စင်ကနေပဲ ကြည့်ရှုသွားရမှာဖြစ်ပါတယ်။

မာရက်စ်ကာက "ကံမကောင်းစွာနဲ့ပဲ ဒီပွဲကိုတော့ ကျွန်တော်ပွဲကြည့်စင်ကနေပဲ ကြည့်ရှုသွားရပါမယ်။ ဒါပေမယ့် ဝီလီကဘယ်လာရိုနဲ့ အခြားနည်းပြအဖွဲ့ဝင်တွေက ကစားသမားတွေနဲ့ အတူတူရှိနေမှာပါ" လို့ပြောကြားခဲ့ပါတယ်။

ခြေစွမ်းတိုးတက်လာတဲ့ အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်နဲ့ပတ်သက်ပြီးတော့လည်း မာရက်စ်ကာက "သူက ကျွန်တော်တို့အသင်းရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်သလို၊ အရေးကြီးတဲ့ ခေါင်း‌ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ အက်စတွန်ဗီလာနဲ့ပတ်သက်ပြီး မာရက်စ်ကာက "သူတို့က အခုချိန်မှာ ယုံကြည်မှုအရမ်းပြည့်ဝနေပါတယ်။ အူနိုင်းအမ်မရီလက်အောက်မှာ သူတို့ ဘာလုပ်ချင်လဲ ဘယ်လိုကစားနေလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်တွေ့နေရပါတယ်" လို့ချီးကျူးခဲ့ပါတယ်။