မန်စီးတီးနဲ့သတင်းတွေကို ငြင်းဆိုလိုက်ပြီး ချဲလ်ဆီးအတွက်သာ အာရုံစိုက်ထားကြောင်းပြောလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက မန်စီးတီးနည်းပြရာထူးနဲ့ ဆက်စပ်နေတဲ့ သတင်းတွေကို သောကြာနေ့မှာ ပယ်ချခဲ့ပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေက သူ့ကို လုံးဝမထိခိုက်ဘူးလို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးမှာ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ မာရက်စ်ကာဟာ ၂၀၂၄ ခုနှစ်မှာ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်အသင်းကို ပထမရာသီမှာတင် ကွန်းဖရန့်လိဂ် နဲ့ ဇူလိုင်လမှာ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူပေးခဲ့ပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ အသက် ၄၅ နှစ်အရွယ် အီတလီသားဟာ မန်စီးတီးမှာ ဂွါဒီယိုလာရဲ့နေရာကို အစားထိုးဖို့ ထိပ်တန်းပစ်မှတ်တွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဒီဆက်စပ်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ မာရက်စ်ကာက သတင်းထောက်တွေကို "ဒါက ကျွန်တော့်ကို လုံးဝမထိခိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ၁၀၀ ရာခိုင်နှုန်း ထင်ကြေးပေးမှုတွေဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။
ဒီအချိန်မှာ ဒီလိုကိစ္စတွေအတွက် အချိန်မရှိပါဘူး။ ပထမဆုံးအနေနဲ့ ကျွန်တော် ဒီမှာ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိပါတယ်။
ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ၊ ကျွန်တော့်ရဲ့အာရုံစိုက်မှုက ဒီကလပ်အသင်းအပေါ်မှာပဲရှိပြီး ဒီမှာရှိနေရတာကို အရမ်းဂုဏ်ယူပါတယ်။ ဒါက ထင်ကြေးပေးမှုတွေပါ။ ပြီးခဲ့တဲ့တစ်ပတ်အလိုကလည်း အီတလီမှာ ဂျူဗင်တပ်စ်နဲ့ပတ်သက်ပြီး ဒီလိုပဲဖြစ်ခဲ့ပါတယ်။
ဒါတွေက မဟုတ်မှန်ဘူးဆိုတာ ကျွန်တော်သိတဲ့အတွက် အာရုံမစိုက်ပါဘူး။ အခု ဒီသတင်းတွေ ဘာကြောင့်ထွက်လာတာလဲဆိုတဲ့ အကြောင်းရင်းကို နားလည်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်အလုပ်မဟုတ်ပါဘူး။ ကျွန်တော် လုံးဝဂရုမစိုက်ပါဘူး"လို့ ပြောခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ယနေ့ည ပရီးမီးယားလိဂ်အစောပိုင်းပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။